ငွေကို ဘယ်လိုချွေတာပြီး စုကြမလဲ?

Activities
1 June, 2020

ငွေကို ဘယ်လိုချွေတာပြီး စုကြမလဲ။ ဝင်ငွေချင်းအတူတူ ငွေစုတဲ့သူက တပန်းသာပါတယ်။ TrueMoney က ငွေဘယ်လိုစုမလဲဆိုတာအတွက် အကြံဉာဏ်ကောင်းလေးတွေ စုစည်းတင်ပြထားပါတယ်။ ကြည့်လိုက်ရအောင်နော်။

• နေ့စဉ်အသုံးစရိတ်ကို မှတ်သားပါ။
နေ့စဉ်အသုံးစရိတ်ကို ရေးမှတ်ထားခြင်းက သင့်ရဲ့ပိုက်ဆံတွေ တနေ့ဘယ်လောက်များများကုန်သွားလဲဆိုတာ မြင်သာထင်သာစေပြီး ချွေတာဖို့တွန်းအားပေးနိုင်ပါတယ်။

• ပန်းတိုင်ချမှတ်ပါ။
တစ်နေ့ ဘယ်လောက်စုမယ် တစ်လဘယ်လောက်စုမယ် တစ်နှစ်နေရင် ဘယ်လောက်ရရမယ်ဆိုတဲ့ ပန်းတိုင်ချမှတ်ပါ။ တကယ်လည်း ရအောင် ဇွဲရှိရှိနဲ့စုပါ။ တစ်နေ့ကို ငွေ ၁၀၀၀ စုရင်တောင် ၅ နှစ်ကြာတဲ့အခါ အရင်းချည်းပဲ ၁၈ သိန်းကျော်စုမိပါလိမ့်မယ်။

• အဓိကနဲ့ သာမညခွဲခြားပါ။
တခါတလေ လိုချင်တာတွေကို မြင်တာနဲ့လက်မတွန့်ဘဲ ဝယ်မိတတ်ပါတယ်။ ကိုယ့်အတွက် တကယ်လိုအပ်နေတာကဘာလဲ၊ လိုအပ်နေတာမဟုတ်ဘဲ မြင်တိုင်းလိုချင်နေတာလား၊ အိမ်မှာရှိသေးလား စသဖြင့် စဉ်းစားချင့်ချိန်ပြီးမှ ဝယ်သင့်ပါတယ်။

• အလွယ်တကူ ယူမသုံးမိပါစေနဲ့။
စုထားတဲ့ ငွေတွေကို သော့ခတ်သိမ်းတာဖြစ်ဖြစ် စုဘူးထဲထည့်တာဖြစ်ဖြစ် လွယ်လွယ်ပြန်မထုတ်သုံးမိလောက်မယ့်နေရာမှာ စုပါ။

• ဘဏ်မှာစုပါ။
အိမ်မှာစုရင် ပြန်ထုတ်သုံးဖို့လွယ်တတ်ပါတယ်။ စုထားတာလေး များလာတဲ့အခါ ဘဏ်ထဲသွားသွားထည့်ထားရင် အတိုးပါရမှာပါ။

• စာရင်းရေးပြီး ဈေးသွားပါ။
ဈေးဝယ်တဲ့အခါ အမှတ်တကယ်ဘာလိုအပ်လဲဆိုတာ ကြိုတင်စာရင်းပြုစုပြီး လိုအပ်တာပဲဝယ်တဲ့အကျင့်လုပ်ထားမယ်ဆိုရင် အပိုပစ္စည်းတွေ ဝယ်မိတာမျိုး နည်းသွားစေပါတယ်။

• ဝယ်မသုံးလိုက်ပါနဲ့။
ရှားရှားပါးပါး တခါတလေပဲသုံးဖြစ်မယ့် ပစ္စည်းမျိုး၊ ငှားသုံးလို့ရမယ့်ပစ္စည်းမျိုးကို အကုန်အကျခံပြီး ဝယ်မသုံးလိုက်ပါနဲ့။ အမြဲတမ်းသုံးဖို့လည်းလိုမယ်၊ ငှားသုံးလို့လည်း မလွယ်မယ့်ပစ္စည်းမျိုးတွေကိုသာ ဝယ်ပါ။

• အိမ်မှာ ချက်စားပါ။
အပြင်စာတွေအများစုဟာ ပေးရတဲ့ငွေကြေးလည်းများပြီး သန့်ရှင်းလတ်ဆတ်မှုလည်း နည်းတတ်သလို ကျန်းမာရေးနဲ့ညီညွတ်ဖို့လည်း မလွယ်ပါဘူး။ အိမ်မှာကိုယ်တိုင် ချက်ပြုတ်စားသောက်ခြင်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် စရိတ်လည်းလျော့ချနိုင်ပါတယ်။

• ဖုန်းဘေလ်ချွေတာပါ။
တစ်လတစ်လ အသုံးစရိတ်မှာ ဖုန်းဘေလ် အင်တာနက်ဘေလ်တွေပေါင်းလိုက်ရင် ထင်ထားတာထက် ပိုကုန်နေတတ်ပါတယ် ဒါကြောင့် သင့်ရဲ့ အင်တာနက် ဒေတာသုံးစွဲမှု သတ်မှတ်ချက် ကျော်လွန်မသွားစေရန် သင်၏ဖုန်းတွင် ဒေတာစီမံခန့်ခွဲမှုအပလီကေးရှင်းများကို အသုံးပြုပါ။ လိုတာထက်ပိုပြီး ဖုန်းအကြာကြီးပြောခြင်းက ငွေကုန်ကြေးကျပိုများစေတဲ့အပြင် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

• စာကြည့်တိုက်ရှိပါတယ်။
စာဂျပိုးအများစုကတော့ ထွက်သမျှ စာအုပ်လည်းဖတ်ချင် စာအုပ်ကောင်းတွေလည်း ဝယ်ချင်နဲ့ စရိတ်တော်တော်ထောင်းပါတယ်။ သင့်စာအုပ်ဖိုးတွေသက်သာဖို့ စာကြည့်တိုက်ကို အသုံးပြုနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ စာကြည့်တိုက်သွားခြင်းဖြင့် ကိုယ့်ငွေကို ချွေတာတဲ့အပြင် နောက်ထပ်စာအုပ်တွေ ထပ်ဖတ်ချင်တဲ့ စိတ်အားလှုံ့ဆော်မှုများရရှိခြင်း စတဲ့ စာဖတ်ခြင်းအလေ့ကျင်းကောင်းတွေပါ ရရှိနိုင်မှာပါ။

• ကိုယ်တိုင်လုပ်ကြည့်ပါ။
ခုံပုလေးတွေ လုပ်တာမျိုး၊ လက်ဆောင်ပစ္စည်းထုတ်ပိုးတာမျိုး စတဲ့ ကိုယ်တိုင်လုပ်လို့ရမယ့်အရာမျိုးကို ကိုယ်တိုင်စမ်းလုပ်ကြည့်ပါ။ ဝယ်သုံးတာထက် ပိုက်ဆံချွေတာနိုင်ပြီး ကိုယ်တိုင်လုပ်လို့ရတဲ့အရာတွေက ပျော်စရာကောင်းစေပါတယ်။

• ဆေးလိပ်၊ ကွမ်း၊ အရက်တို့က အပိုကုန်စေတဲ့ အရာတွေပါ။
ဆေးလိပ်ဖိုး ကွမ်းဖိုး ဘီယာဖိုး အရက်ဖိုး စတာတွေဟာ တစ်ခုချင်းစီဆို မများပေမယ့် တစ်လစာပေါင်းလိုက်တဲ့အခါ ထမင်းစရိတ်နီးပါးလောက်ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ဆင်ခြင်သင့်ပါတယ်။

• ကိုယ်စုထားတာ ဘယ်လောက်ရပြီလဲ အမြဲစောင့်ကြည့်ပါ။
ကိုယ်စုထားတာ ဘယ်လောက်ရပြီလဲဆိုတာကို စုဘူးလေးကို ကြည့်တာဖြစ်ဖြစ်၊ ဘဏ်စာအုပ်လေးကြည့်တာဖြစ်ဖြစ် ပြန်ကြည့်တဲ့အခါ ပီတိဖြစ်ရပြီး နောက်ထပ်စုဖို့အတွက် အင်အားတွေလည်း ရရှိနိုင်ပါတယ်။

• တစ်ပတ်ရစ်ပစ္စည်းများအသုံးပြုခြင်း
ပစ္စည်းအသစ်တစ်ခုခုဝယ်တော့မယ်လို့ မဆုံးဖြတ်ခင် ကိုယ့်ရဲ့သူငယ်ချင်း မိသားစုဝင်တွေဆီမှာ အဲ့ဒီပစ္စည်းရှိပြီးသားလားဆိုတာ မေးကြည့်သင့်ပါတယ်။ တစ်ပတ်ရစ်ပစ္စည်းတွေကို ပြန်သုံးတာဟာ စွန့်ပစ်ပစ္စည်းတွေကို လျော့ကျစေနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။ ဥပမာ- ကိုယ့်မိသားစုဝင်ထဲမှာ ကလေးအကြီးရှိရင် သူတို့ဆီက အဝတ်အစားတွေ ကစားစရာတွေကို ကိုယ့်ကလေးအတွက် လက်ဆင့်ကမ်းပေးပြီး တစ်ဦးနဲ့တစ်ဦးကူညီနိုင်ပါတယ်။

ကဲ ငွေထွက်ပေါက်တွေ များများပိတ်နိုင်လေ ငွေပိုစုမိလေဆိုတော့ ငွေများများသုံးနိုင်ဖို့ များများစုကြရအောင်။ ငွေလွှဲငွေထုတ်ဖို့လိုအပ်လာပြီ ဆိုရင်လည်း ငွေလွှဲနှုန်းထားအသက်သာဆုံးပေးထားတဲ့ TrueMoney နဲ့ငွေလွှဲရင်း အပိုငွေကိုစုလို့ရပါတယ်နော်။

Other Activities

Activities
Activities
Activities