ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးငွေစက္ကူ (သို့) ကူဝိတ်ဒိုင်နာ

Articles
11 June, 2020

ဒီတပတ်မှာ TrueMoney က မိဘပြည်သူများ ငွေကြေးဆိုင်ရာဗဟုသုတတွေ တိုးပွားစေလိုတဲ့စေတနာနဲ့ လူသိနည်းပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ “ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံးငွေစက္ကူ” အကြောင်းပဲဖြစ်ပါတယ်။

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးငွေကြေးအကြောင်း သင်စဉ်းစားမိဖူးပါသလား။

ဒီအကြောင်းကို သင်မသိသေးရင် ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့။ ဒါဟာ လူတော်တော်များများ မရင်းနီးသေးတဲ့အကြောင်းမို့လို့ဖြစ်ပါတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံးငွေဟာ ကူဝိတ်နိုင်ငံရဲ့ငွေကြေး “ကူဝိတ်ဒိုင်နာ”ဖြစ်ပါတယ်။ ကူဝိတ်ဒိုင်နာရဲ့ ငွေကြေးကုဒ်ကတော့ – Kuwaiti Dinar ရဲ့ အတိုကောက် “KWD” ပါ။

ငွေစက္ကူအနေနဲ့
¼ (Quarter Dinar)
½ (Half Dinar)
1 (One Dinar)
5 (Five Dinar)
10 (Ten Dinar)
20 (Twenty Dinar) စသဖြင့်ရှိပြီး အတန်အကြီးဆုံးက ၂၀ တန်ဖြစ်ပါတယ်။ အဲ့ဒီကူဝိတ်ဒိုင်နာ ၂၀ တန်တစ်ရွက်ဟာ မြန်မာငွေကျပ် ၉သောင်းကျော်တန်ဖိုးနဲ့ ညီမျှကြောင်းတွေ့ရပါတယ်။ ၁ ကူဝိတ်ဒိုင်နာဟာ လက်ရှိအမေရိကန်ဒေါ်လာ ၃.၂၅ နဲ့ညီမျှပြီး ၁ ကူဝိတ်ဒိုင်နာကို မြန်မာငွေ “၄၅၂၈” ကျပ်တန်ဖိုးရှိတာ တွေ့ရပါတယ်။

ကူဝိတ်နိုင်ငံသားတွေဟာ ငွေစက္ကူတွေကို မျက်စိပသာဒဖြစ်အောင် ဒီဇိုင်းဆွဲထားရုံမက သူတို့ရဲ့ငွေစက္ကူကို နိုင်ငံ့ရဲ့ပြယုဂ်အဖြစ် တန်ဖိုးထားဂုဏ်ယူကြပါတယ်။ နောက်ဆုံးထုတ်၂၀တန် ကူဝိတ်ဒိုင်နာငွေစက္ကူပေါ်မှာတော့ ကူဝိတ်နိုင်ငံရဲ့ အလံ၊ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ စက်မှုလုပ်ငန်းအထိမ်းအမှတ်သင်္ကေတ၊ ကူဝိတ်နန်းတော်၊ ကူဝိတ်သင်္ဘောနဲ့ ပုလဲရှာဖွေနေတဲ့လူပုံတို့ ပါရှိပါတယ်။ ဒီငွေစက္ကူဟာ အတုလုပ်ဖို့လုံးဝမဖြစ်နိုင်အောင် ငွေစက္ကူရိုက်နှိပ်တဲ့သမိုင်းမှာ ကမ္ဘာ့အဆင့်တန်းအမြင့်ဆုံးလုံခြုံရေးနည်းပညာတွေကို ထည့်သွင်းထားတယ်လို့ဆိုပါတယ်။

ကူဝိတ်နိုင်ငံဟာ အနောက်အာရှရှိ အာရေဗျကျွန်းဆွယ်ရဲ့ အရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ အချုပ်အခြာအာဏာပိုင် အာရပ်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လူဦးရေ ၄သန်းခန့်သာရှိပြီး ရေနံလုပ်ငန်းကနေ နိုင်ငံရဲ့ဝင်ငွေ ၈၀%ကျော်ရရှိတဲ့ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတစ်ခုပါ။ နိုင်ငံ့စီးပွားရေးတည်ငြိမ်ပြီး အခွန်လွတ်နိုင်ငံတစ်ခုဖြစ်သလို အလုပ်လက်မဲ့နှုန်း အင်မတန်နည်းတယ်လို့ဆိုပါတယ်။ အနည်းဆုံးလုပ်ခလစာဟာ ကူဝိတ်ဒိုင်နာ ၆၀ (မြန်မာငွေနဲ့ ၃သိန်းနီးပါး)ရှိပြီး သာမန်ဝန်ထမ်းတစ်ယောက်ရဲ့ တစ်လပျှမ်းမျှဝင်ငွေဟာ ကူဝိတ်ဒိုင်နာ ၁၂၇၀ (မြန်မာငွေ ၅၇သိန်းကျော်)ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

Reference:
https://fxssi.com/top-10-of-the-strongest-world-currencies-in-current-year
http://www.salaryexplorer.com/salary-survey.php?loc=115&loctype=1
https://en.wikipedia.org/wiki/Kuwait
Youtube

Other Articles

Articles
Articles
Articles