E-Wallet ငွေသွင်းငွေထုတ် များ ရယူနိုင်သည့် ဝန်ဆောင်မှုများအတွက် သတင်းထုတ်ပြန်ခြင်း

News
31 January, 2023

သတင်းထုတ်ပြန်ချက်။ ။ TrueMoney ဖြင့် onepay နှင့် uabpay တို့၏ E-Wallet ငွေသွင်းငွေထုတ် များ ရယူနိုင်သည့် ဝန်ဆောင်မှုများအတွက် သတင်းထုတ်ပြန်ခြင်း

 

TrueMoney Myanmar သည် ၄င်း၏ ကိုယ်စားလှယ်များမှတစ်ဆင့် Onepay နှင့် uabpay တို့၏ E-Wallet ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းများကို ဝန်ဆောင်မှုရယူနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။ အဆိုပါဝန်ဆောင်မှုများအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး TrueMoney Myanmar ၏ နိုင်ငံအနှံ့ ကိုယ်စားလှယ်များအားလုံးတွင်ဝန်ဆောင်မှု ရယူနိုင်မည်ဖြစ်သည်။ 

 

TrueMoney Myanmar ငွေလွှဲငွေထုတ်လုပ်ငန်းမှ ထုတ်ပြန်ကြေငြာချက်အရ Managing Director ဖြစ်သူ Mrs. Kyi Thar Romanet က  “ကျွန်မတို့ရဲ့ ကိုယ်စားလှယ်များမှတစ်ဆင့် မိတ်ဖက်ပါတနာများ၏ ဝန်ဆောင်မှုကို တိုးချဲ့ ဝန်ဆောင်မှုပေးရသည့်အတွက်  ပီတိဖြစ်ရပါတယ်။ ကျွန်မတို့ဟာ အသုံးပြုသူအားလုံး အတွက် အယုံကြည်ရဆုံးနှင့် အဆင်ပြေဆုံး ဝန်ဆောင်မှုများကို အတူတကွပေးဆောင်နိုင်ဖို့ အဆင့်သင့် ဖြစ်နေ ကြပါပြီ။” ဟုပြောကြားခဲ့ပါသည်။ 

 

ယခုကဲ့သို့ onepay နှင့် uabpay တို့၏ ငွေသွင်းငွေထုတ် ဝန်ဆောင်မှုပေးခြင်းသည် TrueMoney ၏ မြန်မာနိုင်ငံတွင် ရပ်တည်မှုအား FinTech (နည်းပညာပိုင်းဆိုင်ရာ ငွေရေးကြေးရေးကဏ္ဍ)တွင် ပိုမိုအားကောင်း စေပြီး ဆက်သွယ်ဆောင်ရွက်သူများ၊ ကိုယ်စားလှယ်များနှင့် ဖြန့်ဖြူးရောင်းချသူများအား ပိုမို အရည်အသွေး ပြည့်မှီသော ငွေရေးကြေးရေးဆိုင်ရာ ၀န်ဆောင်မှုအား ပေးဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာပြည်သူ များအတွက် ငွေရေးကြေးရေးလွှဲပြောင်းရာမှာ အထောက်အကူဖြစ်စေသော  ဝန်ဆောင်မှုအသစ်တစ်ရပ် အလျင် အမြန် တိုးတက်လာစေရန် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။ 

 

ကျွန်တော်တို့ Onepay ကနေ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘ၀ ပိုမိုအဆင်ပြေအောင် ငွေကြေးဆိုင်ရာ နည်းပညာများကို အစဉ်အမြဲတီထွင် ဆန်းသစ်လျှက်ရှိပါတယ်။ Onepay ကို အဓိကမြို့ကြီးများမှာသာမက မြန်မာနိုင်ငံ အနှံ့အပြားမှာပါ သုံးစွဲနိုင်စေဖို့က ကျွန်တော်တို့ရည်မှန်းချက်ပါ။ အခုဆိုလဲ Onepay နဲ့ True Money ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် Onepay Wallet ကနေ ငွေသားတွေကို True Money Agent တွေကတစ်ဆင့် တစ်နိုင်ငံလုံးအနှံ့ကနေ ထုတ်ယူနိုင်တော့မှာဖြစ်ကြောင်းကိုလည်း  ၀မ်းမြောက်စွာ အသိပေးအပ်ပါတယ်။” ဟု မြန်မာနိုင်ငံရဲ့ ပထမဆုံး Lifestyle E-Wallet တစ်ခုဖြစ်တဲ့ Onepay မှ Deputy CEO နှင့် COO ဖြစ်သူ Sagar Bhagaddia မှ ပြောကြားခဲ့ပါသည်။ 

 

မြန်မာ့ထိပ်တန်း မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုတစ်ခုဖြစ်သည့် uabpay  ၏ Deputy CEO ဖြစ်သူ ဒေါ်ကျော့ကေခိုင် မှ “နိုင်ငံတစ်ဝှမ်းရှိ ကျွန်ုပ်တို့ တန်ဖိုးထားရသော uabpay အသုံးပြုသူများအနေဖြင့် ပိုမိုလွယ်ကူအဆင်ပြေသော ငွေသွင်း/ ငွေထုတ် ဝန်ဆောင်မှုများအား ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ uabpay  နှင့်  TrueMoney တို့ ပူးပေါင်းကာ သာလွန်ကောင်းမွန်သော ငွေသွင်း/ ငွေထုတ် ဝန်ဆောင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေး‌ကြေညာအပ်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုသည် uabpay အသုံးပြုသူများအား TrueMoney ကိုယ်စားလှယ်များထံမှတစ်ဆင့် စိတ်ချသေချာ၍ လွယ်ကူလျင်မြန်သော ငွေသွင်း/ငွေထုတ် ဝန်ဆောင်မှုများအား ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါသည်” ဟု ပြောကြားခဲ့သည်။ 

 

TrueMoney သည် ယခုအခါတွင် အရှေ့တောင်အာရှနိုင်ငံပေါင်း (၇)နိုင်ငံဖြစ်သည့် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် မလေးရှားတို့တွင်ကိုယ်စားလှယ်များ မှတစ်ဆင့် ပိုမို ကျယ်ပြန့်သော မြို့ပြနှင့် ကျေးလက်ဆိုင်ရာ နေရာများတွင် ငွေရေးကြေးရေးဆိုင်ရာ ၀န်ဆောင်မှုအား ပိုမို လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ကြိုးစားလုပ်ဆောင်လျှက်ရှိပါသည်။ 

 

Ascend Money Group ၏ လုပ်ငန်းခွဲဖြစ်သော TrueMoney Myanmar Co., Ltd ကို ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ လူနေမှုဘဝများ သေချာစွာ တိုးတက် ပြောင်းလဲနိုင်စေရန် အတွက် Acend Money Group နှင့် ၄င်း၏လုပ်ငန်းမိတ်ဖက်များ နှင့်အတူ လက်ခြင်းချိတ် ကြိုးစားလုပ်ဆောင်လျက်ရှိပြီး မြန်မာတပြည်လုံး ကိုယ်စားလှယ်ပေါင်း ၂၃,၀၀၀ ကျော်ဖြင့် ငွေရေးကြေးရေး ဝန်ဆောင်မှုများအား ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။  

 

“မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရန်နှင့် အပြန်အလှန် အကျိုးတူ လုပ်ဆောင်နိုင်မှုများကို ပိုမိုတိုးချဲ့နိုင်ဖို့ အခြားသောမိတ်ဖက်များ အားလုံးလည်း ပူးပေါင်းပါဝင်ကြဖို့ ကြိုဆိုပါတယ်” ဟု TrueMoney Myanmar ၏ Managing Director ဖြစ်သူ Mrs. Kyi Thar Romanet မှ နိဂုံးချုပ် ပြောကြား ခဲ့ပါသည်။

Other News

News
News
News