Debit Card နဲ့ Credit Card အကြောင်း သိကောင်းစရာ

Articles
22 September, 2022

Debit Card ဆိုတာဘာလဲ။

Debit Card ဆိုတာ ပစ္စည်းတစ်ခုခုဝယ်တဲ့အခါမှာ ငွေသားမသုံးဘဲ လက်ငင်းငွေပေးချေနိုင်တဲ့ကဒ်ပါ။ ‘ဒက်ဘစ်ကဒ်’ သုံးဖို့ကိုယ့်မှာ ဘဏ်အကောင့်တစ်ခုရှိရန်လိုအပ်ပြီး အဲ့အကောင့်ထဲမှာ ကိုယ်ပိုင်ငွေကြေးပမာဏတစ်ခုခုလည်းရှိနေရပါမယ်။ အကောင့်ထဲရှိနေတဲ့ငွေကြေးပမာဏအတိုင်း အပြင်မှာအသုံးပြုလို့ရပါတယ်။ ပိုပြီးသုံးလို့တော့ မရပါဘူး။ ‘ဒက်ဘစ်ကဒ်’ကို သုံးပြီး ATM ကနေ’ ငွေသား’ထုတ်ယူတာမျိုးလည်း လုပ်ဆောင်လို့ရပါတယ်။

 

Credit Card ဆိုတာဘာလဲ။

Credit Card ဟာတော့  အကြွေးနဲ့ငွေပေးချေတဲ့ကဒ် အမျိုးအစားပါ။ လစဉ်ပုံမှန်ဝင်ငွေရှိနေတဲ့သူတွေကို သက်ဆိုင်ရာဘဏ်တွေကနေ ကြိုသုံးလို့ရအောင် ထုတ်ပေးထားတာမျိုးပါ။ ကြိုသုံးခွင့်ပေးတဲ့ပမာဏကတော့  ‘ကဒ်’ရဲ့အဆင့်အတန်းအလိုက် ကွဲပြားခြားနားပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ရဲ့လစဉ်သုံးငွေကို  ဘဏ်ကအရင်စိုက်ထုတ်ထားပြီး လကုန်မှ ကိုယ်ကပြန်ဆပ်ရတာမျိုးပါ။

 

အားသာချက်

‘ဒက်ဘစ်ကဒ်’ကိုသုံးတာရဲ့အားသာချက်ကတော့ လကုန်ရင် အကြွေးရှင်းစရာလည်း မလို။ စိတ်ရှုပ်စရာမလိုဘဲ အကြွေးနွံနစ်တတ်တဲ့ဘေးကနေလည်း ကင်းဝေးစေပါတယ်။ 

 

‘ခရက်ဒစ်ကဒ်’သုံးပြီး ငွေပေးချေတဲ့အတွက် Discount ၊ Reward ပွိုင့်၊ Travel ပွိုင့် စတာမျိုးတွေ ပြန်ရတတ်ပါတယ်။

One Time Payment ကိုသုံးတဲ့ လစဉ်ပေးချေမှုတွေ (ဥပမာ- အင်တာနက်၊ ရုပ်သံလိုင်း ) အတွက် ‘ခရက်ဒစ်ကဒ်’နဲ့ပေးချေမယ်လို့သာ တစ်ကြိမ်စာရင်းသွင်းထားလိုက်။ နောက်ပိုင်းလစဉ်လတိုင်း အလိုလျောက်ပေးချေသွားမှာဖြစ်လို့ Payment နောက်ကျတာမျိုးအတွက် စိတ်ပူစရာမရှိပါဘူး။

နောက်တစ်မျိုးက ကိုယ်က နိုင်ငံခြားကနေပစ္စည်းမှာမယ်။ ပစ္စည်းတင်ပို့လိုက်ချိန်မှာ ပျောက်/ ပျက်သွားတာမျိုးတွေဖြစ်ခဲ့ပြီဆိုပါတော့။ ကိုယ်ကသာ ‘ခရက်ဒစ်ကဒ်’နဲ့ ပေးချေထားရင် Payment ကို ပြန်ထိန်းထားလို့ရပါတယ်။

* အခုလို ပြဿနာမျိုးမှာ ‘ဒက်ဘစ်ကဒ်’နဲ့ပေးချေထားတယ် ဆိုရင်တော့ Payment ကို ပြန်ဖျက်လို့မရပါဘူး။ ပျောက်/ပျက်တဲ့ကိစ္စကို သက်ဆိုင်ရာကစုံစမ်းပြီးမှသာ ကိုယ့်ငွေကိုယ်ပြန်ရမယ့်သဘော ရှိပါတယ်။

 

အားနည်းချက်

– ‘ဒက်ဘစ်ကဒ်’ကို သုံးတဲ့အခါ Discount တွေ၊ Reward ပွိုင့်တွေ၊ Travel ပွိုင့် စတာမျိုးတွေကို ‘ခရက်ဒစ်ကဒ်’သုံးသလိုမျိုး ဖောဖောသီသီ မရနိုင်ပါဘူး။ 

– မတော်လို့ ‘ကဒ်’ ပျောက်ရှ/ ခါးပိုက်နှိက်ခံရတာမျိုးဖြစ်ခဲ့ရင် သိတာနဲ့ချက်ချင်း ဘဏ်ကိုမြန်မြန်အကြောင်းကြားပြီး ကဒ်အသုံးပြုခွင့်ကို ပိတ်ပစ်ရပါမယ်။ ‘ဒက်ဘစ်ကဒ်’နဲ့ ကိုယ့်ဘဏ်အကောင့်ဟာ တိုက်ရိုက်ချိတ်ဆက်ထားလို့ပါ။ ဒါကြောင့် ကိုယ်အသုံးပြုတဲ့ဘဏ်ရဲ့အရေးပေါ်ခေါ်လို့ရတဲ့ ဖုန်းနံပါတ်မျိုးကို ကိုယ့်ဖုန်း ထဲ မဖြစ်မနေထည့်သွင်း ရေးမှတ်ထားရပါမယ်။

 

‘ခရက်ဒစ်ကဒ်’ကို သုံးရင်တော့…

– သတ်မှတ်ရက်မှာ ကိုယ်သုံးထားတာတွေကို ပြန်ဆပ်ရပါမယ်။

– နောက်ကျဒါဏ်ကြေး၊ လစ်မစ်ကျော်သုံးတဲ့ဒါဏ်ကြေး ဆိုတာတွေလည်းရှိတတ်သလို ‘နှစ်စဉ်ကြေး’ဆိုတာလည်း ပေးရတတ်ပါတယ်။

အသုံးကြမ်းတဲ့သူအတွက်ကတော့ ‘ခရက်ဒစ်ကဒ်’ကို မသုံးတာဟာ ပိုကောင်းပါတယ်။ အကြွေးနွံ နစ်တတ်လို့ပါ။

 

‘ကဒ်’တွေနဲ့ရှင်းတာဟာ ငွေသားနဲ့ရှင်းတာထက် ပိုသုံးမိတတ်တယ်ဆိုတဲ့သဘောကို

ကမ္ယာတစ်ဝှမ်းက ဈေးရောင်းသူတွေကလည်း ကောင်းကောင်းသဘောပေါက်နေကြလို့

စားသုံးသူတွေကို ကဒ်တွေနဲ့ ငွေပေးချေနိုင်ဖို့ ဘဏ်တွေနဲ့ချိတ်ဆက် လုပ်ကိုင်နေကြပါတယ်။

 

ဒါကြောင့် ကဒ်သုံးစွဲပြီး ငွေပေးချေဖို့ရာမှာ ဘယ်လိုကဒ်မျိုးဟာ ကိုယ်ရဲ့ဝင်ငွေ/ထွက်ငွေ နဲ့ကိုက်ညီမလဲဆိုတာကို စဉ်စားချင့်ချိန်နိုင်ကြပါစေ…

ငွေကြေးကို အကောင်းဆုံးစီမံခန့်ခွဲနိုင်သူတွေ ဖြစ်ကြပါစေ…

 

အခုလိုငွေကြေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို TrueMoney ဝက်ဆိုဒ်မှာ မကြာခဏတင်ဆက်ပေးသွားမှာဖြစ်လို့ လာရောက်ဖတ်ရှု့ဖို့ကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။

Other Articles

Articles
Articles
Articles