‘ကိုဗစ်ဆေး’မတွေ့ခင်ကာလမှာ ‘အခြားဘေး’မတွေ့ကြရအောင် အကြံပြုချက်များ

Articles
29 November, 2020

ကိုဗစ်ကြောင့် ငွေကြေးရှာဖွေရတာ အခက်အခဲကြုံနေကြရသလို တဖက်မှာလည်း ဒုစရိုက်မှု့တွေ ပိုများလာနေတာကို တွေ့နေ၊ ကြားနေကြရပါတယ်။ ပြစ်မှုကျူးလွန်သူတွေထဲမှာလည်း မူလစိတ်အခံကိုက မကောင်းမှုပြုလိုသူတွေပါသလို လတ်တလောဒုက္ခရောက်နေလို့ ကြံမိကြံရာ ကြံခဲ့ရသူတွေလည်း ရှိနေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်ကလုံခြုံအောင် ကြိုတင်ကာကွယ်ပြီး ပြုမူနေထိုင်သင့်တဲ့ကာလပါ။ ကိုဗစ်ရောဂါပိုး’မကူး’စက်အောင် သတိထားနေထိုင်ကြရသလိုမျိုး မသမာသူတွေရဲ့အန္တရာယ်မှကင်းအောင်လည်း သတိနဲ့နေထိုင်တတ်ဖို့လိုနေပါပြီ။ အိမ်မှာပဲနေနေ၊ အပြင်ပဲထွက်ထွက် အမြဲသတိထားကြရပါမယ်။

 

‘အိမ်’မှာနေခါ သတိပြုစရာ

 

ခြံတံခါး၊ အိမ်ရှေ့တံခါးကို အမြဲတမ်းသော့ခတ်ထားသင့်သလို မည်သည့်လူစိမ်းကိုမျှတံခါးမဖွင့်ပေးဖို့ကိုလည်း အိမ်ရှိကလေးငယ်တွေအပါအဝင် အိမ်သားအားလုံးကို ကြိုတင်မှာထားသင့်ပါတယ်။  အရေးကြုံကဆက်သွယ်ရန် နီးစပ်ရာ ရဲစခန်း၊ ဆေးရုံ၊ ရပ်ကွက်လူကြီး၊  အိမ်နီးနားချင်းများရဲ့ ဖုန်းနံပါတ်များကို ဖုန်းတွင်သိမ်းဆည်းထားရန်လိုအပ်သလို တတ်နိုင်ပါက ‘အိမ်သား’များအလွယ်တကူမြင်နိုင်တဲ့ နေရာတစ်ခုမှာပါ ရေးမှတ်ထားသင့်ပါတယ်။ ‘ည’ မအိပ်ခင် အိမ်ရှိတံခါးများအားလုံးအားပိတ်ရန် စစ်ဆေးခြင်းအမှုကိုလည်း ပြုသင့်သလို အိမ်တွင်သက်ကြီးရွယ်အိုများ၊ ကလေးများအား ထားခဲ့ပြီး အချိန်ကြာမြင့်စွာအပြင်ထွက်ခြင်းကိုလည်း တတ်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။ အရေးပေါ်ဆက်သွယ်နိုင်ရန် အိမ်ရှိဖုန်းများအားလုံး ဘက်ထရီအားပြည့်နေဖို့လိုအပ်သလို ဖုန်းဘေလ်ရှိနေဖို့ကလည်း အရေးကြီးလှပါတယ်။ အမြဲတမ်းနိုးနိုးကြားကြားရှိနေရမှာဖြစ်ပြီး မိမိအိမ်ပတ်ဝန်းကျင်မှသတင်းများကိုလည်း တတ်နိုင်သလောက် နားစွင့်ထားသင့်ပါတယ်။

 

အပြင်ထွက်လည်း ‘သတိမြဲ’

 

ယခုကာလမှာ မလိုအပ်ပဲ လက်ဝတ်ရတနာများကို လူမြင်ကွင်းမှာ ထုတ်ဝတ်ခြင်း မပြုသင့်ပေ။ ၎င်းပစ္စည်းများကပဲ မမြင်ရတဲ့ အန္တရာယ်တွေကိုဖိတ်ခေါ်လာနိုင်လို့ပါ။ ဘတ်စ်ကား၊ မြို့ပတ်ရထားအသုံးပြုသူတွေအနေနဲ့ကတော့ ‘ခါးပိုက်နှိုက်’ရန်မှ ကင်းဝေးအောင်  နိုးနိုးကြားကြား သတိပြုသွားလာသင့်ပါတယ်။ ငွေလွှဲငွေထုတ်သွားသော အခါများတွင်လည်း ပါလာသောအိတ်၊ ကျောပိုးအိတ်စသည်တို့ကို မိမိအရှေ့တွင်သာထားပြီး သွားလာသင့်ပါတယ်။ အချို့သောလမ်းများ၊ ရပ်ကွက်များဟာ နေ့ခင်းကြောင်တောင်ကာလပင်ဖြစ်သော်ငြားလည်း လူခြေပြတ်တတ်သောကြောင့် ၎င်းရပ်ကွက်များ၊ လမ်းများသို့ မိတ်ဆွေအဖော်မပါပဲ တစ်ဦးတည်းဖြတ်သွားဖြတ်လာပြုခြင်း၊ အချိန်မတော်ဖြတ်သန်းသွားလာခြင်း စသည်တို့ကို ရှောင်ရှားသင့်ပါတယ်။ ပတ်ဝန်းကျင်ကို သတိရှိရှိနှင့် နားစွင့်ထားရန်လိုအပ်လို့ ဖုန်းကိုသာအာရုံစိုက်၍ လမ်းလျောက်ခြင်း၊ ‘ဂိမ်း’ကိုသာအာရုံစိုက်ပြီး ကားမှတ်တိုင်တွင်ကားစောင့်ခြင်းစသည်တို့ကို ယခုလိုကာလတွင် တတ်နိုင်သလောက် ရှောင်ကျဉ်ပါ။ ဒါကြောင့် ကိုဗစ်ရန်မှလည်း လုံခြုံဖို့လိုသလို၊ မသမာသူတွေရဲ့အန္တရာယ်မှလည်း လုံခြုံဖို့လိုတယ် ဆိုတာလေးကို ငွေကြေးလုံခြုံမှု့ကိုအမြဲဦးစားပေးတဲ့ TrueMoney မှ ဆွေးနွေးတင်ပြပေးလိုက်ပါတယ်။

 

ဖတ်စေချင်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း share ပေးလိုက်လို့ရပါတယ်။

 

‘ကိုဗစ်ဆေး’မတွေ့ခင်ကာလမှာ ‘အခြားဘေး’မတွေ့ကြရအောင် မိတ်ဆွေအချင်းချင်း ကြိုတင်ကာကွယ်ရင်း အတူတူစောင့်ရှောက်ကြပါစို့…။

Other Articles

Articles
Articles
Articles