ကမ္ဘာ့ငွေရေးကြေးရေးအကြောင်း သိကောင်းစရာ

Articles
8 August, 2022

ဇူလိုင်လလည်လောက်က ဥရောပနိုင်ငံတွေမှာ အသုံးပြုတဲ့ ယူရိုငွေကြေး နဲ့ အမေရိကန်ဒေါ်လာတို့ တန်ဖိုးတူညီသွားတဲ့ အကြောင်းကတော့ နိုင်ငံတကာငွေကြေးသတင်းတွေကြားမှာ ရေပမ်းအစားဆုံးဖြစ်သွားခဲ့ရပါတယ်။

 

ယူရိုငွေကြေးဆိုတာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေထဲကမှ  သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဆိုက်ပရပ်စ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂရိ၊ အိုင်ယာလန်၊ အီတလီ၊ လတ်ဗီယား၊ လစ်သူယေးနီးယား၊ လူဇင်းဘတ်၊ မယ်လ်တာ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊ စပိန် စတဲ့ (၁၉) နိုင်ငံအပြင် (EU) အဖွဲ့ဝင်မဟုတ်တဲ့ အန်ဒိုရာ၊ မိုနာကို၊ ဆန်မာရီနိုနှင့် ဗာတီကန်စီးတီးတို့မှာလည်း (EU) ရဲ့ တရားဝင်သဘောတူညီချက်နဲ့ အသုံးပြုနေတဲ့ငွေကြေးစနစ်တစ်ခုဖြစ်ပါတယ်။

 

ယူရိုငွေကြေးကို ချုပ်ကိုင်ထားတဲ့ ဥရောပဗဟိုဘဏ် (ECB)ဆိုတာ ဥရောပဇုံအတွက် ငွေကြေးမူဝါဒကိုချမှတ်တဲ့အပြင် အခြားနိုင်ငံတော်ဗဟိုဘဏ်တွေ၊ နိုင်ငံတော်အစိုးရတွေကို မှီခိုမှုမရှိဘဲ သီးခြားသီးသန့် ရပ်တည်တဲ့ဘဏ်မျိုးပါ။ အဲ့ဒီလို အမှီအခိုကင်းတာကြောင့်လည်း ယူရိုငွေကြေးဟာ အမေရိကန်ဒေါ်လာထက် ပိုမိုခိုင်မာပြီး တန်ဖိုးမြင့်မားစေတာပါ။

 

ဒါပေမယ့် ယူရိုငွေကြေးဟာ ယခုနှစ်အတွင်း မြန်ဆန်၊ ကြမ်းတမ်းစွာ ထိုးကျမှုနှင့် ကြုံတွေ့ခဲ့ရပြီး ဇူလိုင်လမှာတော့ အမေရိကန်ဒေါ်လာနဲ့ ငွေတန်ဖိုးချင်းတူညီသွားခဲ့ပါတယ်။ ဒါဟာ နှစ်(၂၀)ကျော်ကာလအတွင်း ယူရိုငွေတန်ဖိုး အကြီးအကျယ်ထိုးကျလာခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

မှတ်တမ်းအရပြန်ကြည့်ရမယ်ဆို (၁၉၉၉)ခုနှစ်မှာ ယူရိုငွေကြေးကို စတင်မိတ်ဆက်ခဲ့ပြီးနောက် (၃)နှစ်လောက်အကြာ (၂၀၀၂)ခုနှစ် ဒီဇင်ဘာလလောက်မှာလည်း အခုလိုမျိုး ငွေကြေးလဲလှယ်ရာမှာ အမေရိကန်ဒေါ်လာဈေးအောက်ကို (၁)ခေါက် ရောက်ခဲ့ဘူးပါတယ်။

 

နိုင်ငံတကာငွေကြေးလုပ်ငန်း ကျွမ်းကျင်သူတွေကတော့ အခုလို ယူရိုငွေတန်ဖိုးကျလာတာဟာ 

– ယူကရိန်းစစ်ပွဲကြောင့် ဥရောပတလွှားမှာ စွမ်းအင်အကျပ်အတည်းတစ်ခုပေါ်ပေါက်လာနေခြင်း၊

– ဥရောပရှိစက်မှုနိုင်ငံအချို့ကို ရုရှက ဓာတ်ငွေ့ တင်ပို့မှုများ ဖြတ်တောက်လိုက်လို့ ယူရိုဇုန်ဧရိယာတော်တော်များများမှာ စီးပွားရေးကျဆင်းနိုင်မှုအလားအလာတွေကို တွေ့နေရခြင်း တွေကြောင့်လို့ သုံးသပ်နေကြပါတယ်။

 

နိုင်ငံအလိုက်ဗဟိုဘဏ်တွေမှာ ‘ဒေါ်လာ’ ဝယ်လိုအားမြင့်တက်နေပြီး ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ငွေလဲလှယ်ရာမှာ အခုလိုတန်ဖိုးတူသွားတာမှာ ရပ်မနေဘဲ ယူရိုငွေတန်ဖိုး ဆက်ကျသွားနိုင်တယ်လို့လည်း အကဲခတ်တစ်ချို့က ပြောဆိုတာတွေလည်း ရှိနေပြန်ပါတယ်။

 

ဥရောပဗဟိုဘဏ် (ECB) က သူ့ရဲ့ ယူရိုငွေတန်ဖိုး အမြန်ဆုံးပြန်တက်အောင် ဘယ်လိုမူဝါဒတွေနဲ့ ပြန်လည်ချုပ်ကိုင်မလဲ?

အမေရိကန်ဒေါ်လာ ကရော ငွေကြေးဆိုင်ရာ စတော့ရှယ်ရာဈေးကွက်တွေမှာ ဘယ်လိုပြန်ကာမလဲ?

ပွဲကတော့ တကယ်လှနေပါပြီ။

 

အခုလိုငွေကြေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို TrueMoney ဝက်ဆိုဒ်မှာ မကြာခဏတင်ဆက်ပေးသွားမှာဖြစ်လို့ လာရောက်ဖတ်ရှု့ဖို့ကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။

Other Articles

Articles
Articles
Articles