‘ပူလိုက်တာ’လို့ ညည်းနေကြသူများ အတွက်

Activities
24 April, 2023

(၂၁)ရာစုကို ဝင်ရောက်လာကတည်းက ကမ္ဘာကြီးပူနွေးလာနေပြီး တစ်ကမ္ဘာလုံးမှာ အပူချိန်မြင့်တက်ခြင်း၊ အပူလှိုင်းဖြစ်ပွားနှုန်းအကြိမ်ရေ မြင့်တက်လာခြင်းတို့ကို ကြုံနေရပါတယ်။ အပူလှိုင်းကြောင့်  လူဦးရေအများအပြားရဲ့ ကျန်းမာရေးကို အချိန်တိုအတွင်း ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ စီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း လုပ်ငန်းခွင်အတွင်းစွမ်းဆောင်ရည်တွေ ကျဆင်းလာကာ ထုတ်လုပ်မှုတွေ ဆုံးရှုံးလာနိုင်ပါတယ်။ 

 

ဘယ်သူတွေအပေါ်မှာ သက်ရောက်မှုတွေ များလာနိုင်မလဲ?

 

အပူချိန်လွန်ကဲမှုကြောင့် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်များ ပျက်စီးတတ်လို့ လူတွေအားလုံးအပေါ်မှာ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ အထူးသဖြင့်တော့ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစ နဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နေပူထဲမှာအလုပ်လုပ်ကြရသော ကာယလုပ်သားတွေ၊ အားကစားသမားတွေမှာ ပိုမိုသက်ရောက်နိုင်ပါတယ်။

 

ဘယ်လိုကျန်းမာ‌ရေးတွေ ထိခိုက်လာနိုင်လဲ?

 

အပူချိန်လွန်ကဲမှုကြောင့် နာတာရှည်ရောဂါတွေဖြစ်တဲ့

– နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ 

– အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ 

– ဦးနှောက်နဲ့ အာရုံကြောရောဂါ  ရှိသူတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းသိမ်းမှုလုပ်ငန်းစဉ် ပျက်စီးစေတတ်လို့ ကြွက်တက်ခြင်း၊ အပူကြောင့် နွမ်းနယ်ခြင်း၊ လေဖြတ်ခြင်း၊ အပူလွန်ကဲခြင်းကြောင့် နာမကျန်းဖြစ်ခြင်း စသည်တို့ကိုလည်း ခံစားရနိုင်ပါတယ်။

 

ဘာတွေ ပြင်ဆင်လုပ်ဆောင်သင့်လဲ?

 

၁) ခန္ဓာကိုယ်ကို အေးမြစေပြီး ရေဓာတ်ဖြည့်ပါ။

မဖြစ်မနေ အပြင်ထွက်ခါနီးတိုင်း ရေ(၁)ခွက်သောက်၊ ပြန်ရောက်လာတိုင်းလည်း ရေ(၁)ခွက်သောက်ပါ။ ရေကို အေးမြအောင်ထားပြီးမှ ရေချိုးပါ။ ရေစိုပုဝါနဲ့ ရေပတ်တိုက်ခြင်း ခြေထောက်ရေစိမ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ (နေပူထဲမှ ပြန်လာခါစမှာတော့ လုံးဝမလုပ်ရပါ)။ 

ပေါ့ပါးချောင်ချိသော ချည်သားအဝတ်အထည်များကိုသာ ဝတ်ဆင်ပါ။ အပြင်ထွက်တိုင်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို ဝတ်ဆင်ပါ။  

 

၂) အပူဒါဏ်ရှောင်ပါ။

ညအချိန်မှာ အိမ်ရှိအအေးဆုံးအခန်းတွင်သာ နေထိုင်ပါ။ အိမ်ကိုအေးမြသွားအောင် မဖြစ်နိုင်ပါက နေ့အချိန်တွင် အေးမြသောနေရာများမှာ (၂ – ၃)နာရီလောက် သွားရောက်နေထိုင်ပါ။ (ဥပမာ – အရိပ်ရကာ လေဝင်လေထွက်ကောင်းသောနေရာများ၊ လေအေးစက်တပ်ဆင်ထာသော ရှော့ပင်းစင်တာများ)

အပူချိန်ပြင်းပြတဲ့ နေ့လည်နေ့ခင်းအချိန်မှာ တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့။ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းကို နေ့တစ်နေ့ရဲ့ အအေးဆုံးအချိန်တေံဖြစ်တဲ့ မနက် (၄)နာရီ မှ (၇)နာရီအတွင်းမှာသာ ပြုလုပ်ပါ။ 

စက်ရပ်ထားသောယဉ်များအတွင်း ကလေးငယ်များနှင့် အိမ်မွေးတိရိစ္ဆာန်များကို မထားခဲ့နဲ့။

တတ်နိုင်သလောက် အရိပ်ရှိသောနေရာများတွင်သာ နေထိုင်ပါ။

 

၃) နေအိမ်ကို အေးမြအောင်ထားပါ။

မိမိနေထိုင်ရာနေအိမ်ရဲ့ အပူချိန်ကို သမမျှတအောင်ထားရှိရပါမယ်။

အခန်းတွင်းအပူချိန်ကို နေ့အချိန်တွင် (၃၂ )ဒီဂရီ နဲ့ ညအချိန်တွင် (၂၄)ဒီဂရီ ကြားထားနိုင်ပါက အကောင်းဆုံးဖြစ်စေပါတယ်။ ယင်းအပူချိန်ဟာ မွေးကင်းစ နှင့် ကလေးငယ်များ၊ အသက် (၆၀)နှစ်အထက်လူကြီးများနှင့် နာတာရှည်ရောဂါရှိသူများအတွက် အထူးအရေးကြီးပါတယ်။

နေ့အချိန် နေပူရှိန် တိုက်ရိုက်ကျရောက်သော အိမ်ဖြစ်လျှင် လိုက်ကာများပြတင်းပေါက်များကို ပိတ်ထားသင့်ပါတယ်။ သို့မဟုတ် အဝတ်များကိုရေစွတ်ပြီး ကာထားသင့်ပါတယ်။

မလိုအပ်သော လျှပ်စစ်မီးသီးများကို ပိတ်ထားခြင်းဟာ အခန်းတွင်းအပူချိန်ကို လျော့ကျစေသလို လျှပ်စစ်ဓာတ်အားကိုလည်း ချွေတာရာကျပါတယ်။

 

ဘာတွေ စားသောက်သင့်လဲ?

 

– ရေကို အနည်းဆုံး တစ်ရက်(၃)လီတာလောက် သောက်ပါ။ အရည်ရွမ်းသော သစ်သီးများကို များများစားပေးပါ။

– အရက်သေစာ ၊ ကဖိန်းဓာတ်လွန်ကဲသော (ဥပမာ- ကော်ဖီ)၊ အချိုဓာတ်လွန်ကဲသော (ဥပမာ- အားဖြည့်အချိုရည်များ)၊ ပရိုတင်းဓာတ်အလွန်မြင့်သော (ဥပမာ- ဝက်သား၊ပင်လယ်စာ) အစားအစာများကို တတ်နိုင်သလောက် ရှောင်ပါ။

– အစားအစာကို နည်းနည်းချင်စီ နဲ့ အကြိမ်အရေအတွက်များများ စားပေးပါ။

 

မိသားစု ဆရာဝန် (သို့မဟုတ်) မိမိအမြဲပြသနေတဲ့ ဆရာဝန်များရဲ့ ဖုန်းနံပါတ်ကို တောင်းယူထားကာ အရေးအကြောင်းရှိက ဖုန်းဆက်တိုင်ပင်မည့်အကြောင်းကို ကြိုတင်ပြောထားပေးပါ။

 

ထရူးမန်းနီး မိတ်ဆွေများနဲ့ မိသားစုဝင်များအားလုံး အချင်းချင်းရိုင်းပင်းကူညီဖေးမပြီး ပူပြင်းတဲ့ရာသီဥတုဒါဏ်ကို အကောင်းဆုံးကျော်လွှားနိုင်ကြပါစေ။

Other Activities

Activities
Activities
Activities