SEA နိုင်ငံတွေရဲ့ ငွေစက္ကူပေါ်က ထူးခြားတဲ့ အမှတ်အသားများ

Activities
7 April, 2026

SEA နိုင်ငံတွေရဲ့ ငွေစက္ကူပေါ်က ထူးခြားတဲ့ အမှတ်အသားများ

အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ငွေစက္ကူတွေဟာ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့ နည်းပညာပိုင်းဆိုင်ရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ထူးခြားချက်ကိုယ်စီ ရှိကြပါတယ်။ TrueMoney ရဲံ့ မိတ်ဆွေတွေအတွက် သိမှတ်စရာ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ထိုင်းနိုင်ငံ – ထိုင်းဘတ်(THB)

ထိုင်းငွေစက္ကူတွေရဲ့ အဓိကထူးခြားချက်က “ဘုရင်စနစ်” ကို အလေးထားတာပါ။ ထိုင်းငွေစက္ကူတွေရဲ့ အခေါ်အဝေါ်နဲ့ ထူးခြားတဲ့ အချက်တွေကို လေ့လာကြည့်ရအောင်။

အခေါ်အဝေါ်

ထိုင်းငွေစက္ကူကိုတော့ ဘတ် (Bath) ဆိုပြီး သုံးနှုန်းပါတယ်။ ထိုင်းဘတ် (THB) လို့ အများက ခေါ်ဝေါ်ကြတာပါ။  ၂၀ ဘတ်, ၅၀ ဘတ်, ၁၀၀ ဘတ်, ၅၀၀ ဘတ် နဲ့ ၁၀၀၀ ဘတ်တန် အထိ ငွေကြေးတွေရှိပါတယ်။

ထူးခြားချက်များ

  • ငွေစက္ကူတိုင်းရဲ့ အရှေ့မျက်နှာပြင်မှာ လက်ရှိဘုရင် (သို့မဟုတ်) ယခင်ဘုရင်တွေရဲ့ ပုံတူကို အမြဲတမ်း ရိုက်နှိပ်ထားပါတယ်။
  • ဘုရင်မင်းမြတ်ရဲ့ ပုံတူကို အလင်းထဲထောင်ကြည့်ရင် ကြည်လင်ပြတ်သားစွာ တွေ့ရပါတယ်။
  • ၂၀၁၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အထိမ်းအမှတ် ငွေစက္ကူအချို့ဟာ ပုံမှန် အလျားလိုက်မဟုတ်ဘဲ ဒေါင်လိုက်ပုံစံနဲ့ ထူးထူးခြားခြား ထွက်ရှိဖူးပါတယ်။
  • 100, 500 နဲ့ 1,000 ဘတ်တန်တွေမှာ ငွေရောင် (သို့မဟုတ်) ရွှေရောင် အစင်းကြောင်းပါပြီး စောင်းကြည့်ရင် အရောင်ပြောင်းလဲသွားပါတယ်။
  • မျက်မမြင်တွေအတွက် ငွေစက္ကူရဲ့ အပေါ်ထောင့်မှာ ပန်းပွင့်ပုံစံ အဖုလေးတွေ ပါပါတယ်။ (ဥပမာ- ၂၀ တန်မှာ အပွင့် ၁ ပွင့်၊ ၅၀ တန်မှာ ၂ ပွင့်)

၂။ မလေးရှားနိုင်ငံ –  မလေးရှားရင်းဂစ်

မလေးရှားငွေစက္ကူတွေကတော့ “အမျိုးသားရေး ပြယုဂ်” တွေကို အလေးထားဖော်ပြထားတာပါ။ မလေးရှားငွေစက္ကူတွေရဲ့ အခေါ်အဝေါ်နဲ့ ထူးခြားတဲ့ အချက်တွေကို လေ့လာကြည့်ရအောင်။

အခေါ်အဝေါ်

မလေးရှားငွေစက္ကူကိုတော့ ရင်းဂစ် (Ringgit) ဆိုပြီး သုံးနှုန်းပါတယ်။ မလေးရှားရင်းဂစ် (RM) လို့ အများက ခေါ်ဝေါ်ကြတာပါ။  ၁ ရင်းဂစ်, ၅ ရင်းဂစ်, ၁၀ ရင်းဂစ်, ၂၀ ရင်းဂစ်, ၅၀ ရင်းဂစ်, ၁၀၀ ရင်းဂစ်တန် အထိ ငွေကြေးတွေရှိပါတယ်။

ထူးခြားချက်များ

  • ငွေစက္ကူ အမျိုးအစားတိုင်းမှာ မလေးရှားရဲ့ အမျိုးသားပန်းဖြစ်တဲ့ ခေါင်ရမ်းပန်းပုံ (Bunga Raya) ပါရှိပါတယ်။
  • ငွေစက္ကူအားလုံးရဲ့ အရှေ့ဘက်မှာ ပထမဆုံးသော ဘုရင်ကြီး – Tuanku Abdul Rahman ရဲ့ ပုံတူကို သုံးထားပါတယ်။
  • ငွေစက္ကူရဲ့ ရှေ့နဲ့နောက်မှာ ရိုက်နှိပ်ထားတဲ့ ပန်းပွင့်ပုံစံဟာ အလင်းထဲထောင်ကြည့်ရင် ကွက်တိထပ်နေပြီး ပန်းပွင့်အပြည့်အစုံ ဖြစ်သွားပါတယ်။
  • ၁ ရင်းဂစ် နဲ့ ၅ ရင်းဂစ် တန်တွေဟာ ပလတ်စတစ် (Polymer) နဲ့ ပြုလုပ်ထားလို့ ရေစိုခံပြီး ကြာရှည်ခံပါတယ်။
  • ၁၀ ရင်းဂစ် နဲ့အထက် တန်ဖိုးကြီးငွေစက္ကူတွေမှာ လှုပ်ရှားနေတဲ့ အရောင်ပြောင်းလိုင်း (Moving color effect) ပါဝင်ပါတယ်။

၃။ လာအိုနိုင်ငံ – လာအိုကစ်

လာအိုငွေစက္ကူတွေကတော့ သူတို့ရဲ့ “ဆိုရှယ်လစ် သမိုင်းကြောင်း” ကို ဖော်ပြထားတာပါ။ လာအိုငွေစက္ကူတွေရဲ့ အခေါ်အဝေါ်နဲ့ ထူးခြားတဲ့ အချက်တွေကို လေ့လာကြည့်ရအောင်။

အခေါ်အဝေါ်

လာအ်ိုငွေစက္ကူကိုတော့ ကစ် (Kip) ဆိုပြီး သုံးနှုန်းပါတယ်။ လာအိုကစ် (LAK) လို့ အများက ခေါ်ဝေါ်ကြတာပါ။ ၅၀၀ ကစ်, ၁၀၀၀ ကစ်, ၂၀၀၀ ကစ်, ၁၀၀၀၀ ကစ်, ၂၀၀၀၀ ကစ်, ၅၀၀၀၀ ကစ်နဲ့ ၁၀၀၀၀၀ကစ်တန် အထိ ငွေကြေးတွေရှိပါတယ်။

ထူးခြားချက်များ

  • လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ ခေါင်းဆောင်ကြီး Kaysone Phomvihane ပုံတူကို ငွေစက္ကူအမြင့်ပိုင်းတွေမှာ တွေ့ရတတ်ပါတယ်။
  • Pha That Luang (ရွှေစေတီတော်) နဲ့ နာမည်ကြီး ဆည်တွေ၊ စက်မှုလုပ်ငန်းခွင် ပုံရိပ်တွေကို ထည့်သွင်းထားပြီး နိုင်ငံတိုးတက်မှုကို ဖော်ပြပါတယ်။ 
  • ငွေစက္ကူရဲ့ ဘောင်တွေမှာ အလွန်သေးငယ်တဲ့ “LAO PDR” ဆိုတဲ့ စာလုံးလေးတွေကို မှန်ဘီလူးနဲ့ ကြည့်မှမြင်ရအောင် ရိုက်နှိပ်ထားပါတယ်။
  • အမြင့်ဆုံး ငွေကြေးဖြစ်တဲ့ ၁၀၀,၀၀၀ ကစ် မှာ သတ္တုရောင် တောက်ပတဲ့ အဝိုင်းပုံ Hologram ပါဝင်ပြီး နိုင်ငံတံဆိပ်ကို တွေ့ရမှာပါ။
  • ခရမ်းလွန်ရောင်ခြည် (Black light) နဲ့ ထိုးကြည့်ရင် ငွေစက္ကူရဲ့ အချို့နေရာတွေမှာ အရောင်တောက်ပလာပါတယ်။

၄။ ဗီယက်နမ်နိုင်ငံ – ဗီယက်နမ်ဒေါင်

ဗီယက်နမ်ငွေစက္ကူတွေကတော့ “အရောင်အသွေးစုံလင်မှု” နဲ့ လူသိများပါတယ်။ ဗီယက်နမ်ငွေစက္ကူတွေရဲ့ အခေါ်အဝေါ်နဲ့ ထူးခြားတဲ့ အချက်တွေကို လေ့လာကြည့်ရအောင်။

အခေါ်အဝေါ်

ဗီယက်နမ်ငွေစက္ကူကိုတော့ ဒေါင် (Dong) ဆိုပြီး သုံးနှုန်းပါတယ်။ ဗီယက်နမ်ဒေါင် (VND) လို့ အများက ခေါ်ဝေါ်ကြတာပါ။ ဒေါင် ၁၀၀၀၀, ဒေါင် ၂၀၀၀၀, ဒေါင် ၅၀၀၀၀, ဒေါင် ၁၀၀၀၀၀, ဒေါင် ၂၀၀၀၀၀, ဒေါင် ၅၀၀၀၀၀တန် အထိ ငွေကြေးတွေရှိပါတယ်။ ဒေါင် ၅,၀၀၀ နဲ့အောက်တွေကို အကြွေစေ့လို သဘောထားပြီး သုံးစွဲမှု နည်းသွားပါပြီ။

ထူးခြားချက်များ

  • ငွေစက္ကူတိုင်းရဲ့ အရှေ့ဘက်မှာ တော်လှန်ရေးခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ ပုံတူရိုက်နှိပ်ထားတာပါ။
  • အနောက်ဘက်မှာ Ha Long Bay (ဟလောင်ဘေး) လိုမျိုး ကမ္ဘာ့အမွေအနှစ်နေရာတွေနဲ့ ရှေးဟောင်းအဆောက်အအုံတွေကို လှပစွာ ရိုက်နှိပ်ထားပါတယ်။
  • ၂၀၀၃ ခုနှစ်ကစပြီး ဗီယက်နမ်ဟာ ငွေစက္ကူအများစုကို Polymer နဲ့ ပြောင်းလဲထုတ်ဝေခဲ့ပါတယ်။
  • ငွေစက္ကူရဲ့ ထောင့်မှာ အပေါက်ငယ်လေးတွေ ပါပြီး အလယ်မှာ ကြည်လင်နေပါတယ်။ (၅၀၀,၀၀၀ တန်မှာ အပေါက် ၂ ပေါက် ပါပါတယ်)
  • မျက်လုံးနဲ့ တစ်တန်းတည်းထားပြီး ငွေစက္ကူကို စောင်းကြည့်ရင် “VND” ဆိုတဲ့ စာလုံး ဖျတ်ခနဲ ပေါ်လာတတ်ပါတယ်။
  • ၂၀၀,၀၀၀ နဲ့ ၅၀၀,၀၀၀ တန်တွေမှာ တန်ဖိုးဂဏန်းကို စောင်းကြည့်ရင် ရွှေရောင်ကနေ အစိမ်းရောင်ကို ပြောင်းသွားပါတယ်။

၅။ စင်ကာပူနိုင်ငံ – စင်ကာပူဒေါ်လာ

စင်ကာပူငွေစက္ကူကတော့ “သန့်ရှင်းသပ်ရပ်မှုနဲ့ လုံခြုံရေး” မှာ ထိပ်တန်းပါ။ စင်ကာပူငွေစက္ကူတွေရဲ့ အခေါ်အဝေါ်နဲ့ ထူးခြားတဲ့ အချက်တွေကို လေ့လာကြည့်ရအောင်။

အခေါ်အဝေါ်

စင်ကာပူငွေစက္ကူကိုတော့ ဒေါ်လာ (Dollar) ဆိုပြီး သုံးနှုန်းပါတယ်။ စင်ကာပူဒေါ်လာ (SGD) လို့ အများက ခေါ်ဝေါ်ကြတာပါ။ ၂ ဒေါ်လာ, ၅ ဒေါ်လာ, ၁၀ ဒေါ်လာ, ၅၀ ဒေါ်လာ, ၁၀၀ ဒေါ်လာနဲ့ ၁၀၀၀ ဒေါ်လာ ဆိုပြီး ငွေကြေးတွေရှိကြပါတယ်။ (မှတ်ချက်: $10,000 တန်ကို အသစ်မထုတ်တော့ပါဘူး။)

ထူးခြားချက်များ

  • ငွေစက္ကူအားလုံးမှာ ပထမဆုံးသမ္မတ Yusof bin Ishak ရဲ့ ပုံ ပါရှိပါတယ်။
  • အနောက်ဘက်မျက်နှာပြင်မှာ “Education”, “Garden City”, “Sports” စတဲ့ ခေါင်းစဉ်အလိုက် စင်ကာပူရဲ့ လူမှုဘဝပုံရိပ်တွေကို အကွက်ချ ဖော်ပြထားပါတယ်။
  • အရင်က ထုတ်ဝေခဲ့တဲ့ $10,000 တန် စင်ကာပူဒေါ်လာဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ငွေစက္ကူစာရင်းဝင် ဖြစ်ခဲ့ပါတယ် (အခုတော့ အသစ်မထုတ်တော့ပါဘူး)။
  •  ၂ ဒေါ်လာ, ၅ ဒေါ်လာ, ၁၀ ဒေါ်လာတွေဟာ ပလတ်စတစ်ဖြစ်ပြီး ၅၀ ဒေါ်လာ နဲ့အထက်တွေက စက္ကူ (High-quality cotton paper) ဖြစ်ပါတယ်။
  • စင်ကာပူ ခြင်္သေ့ပုံစံ (Merlion) သို့မဟုတ် နိုင်ငံတံဆိပ်ကို အလင်းပြန်တဲ့ ရွှေရောင်ပြားလေးတွေနဲ့ ထည့်သွင်းထားပြီး လှုပ်ရှားနေသလို မြင်ရပါတယ်။
  • ပုံတူရုပ်ပုံရဲ့ ဘေးမှာ တန်ဖိုးဂဏန်းကို အရိပ်လိုမျိုး ထည့်သွင်းထားပါတယ်။

စိတ်ဝင်စားစရာ အချက်အလက်: ဒီနိုင်ငံ ၅ ခုလုံးမှာ အမြင်အာရုံချို့တဲ့သူတွေ ငွေစက္ကူခွဲခြားနိုင်ဖို့အတွက် Braille (မျက်မမြင်စာ) အမှတ်အသားတွေ သို့မဟုတ် လက်နဲ့ထိရင် သိနိုင်တဲ့ အဖုအထစ် (Tactile marks) တွေကို စနစ်တကျ ထည့်သွင်းထားကြပါတယ်။

Other Activities

Activities
Activities
Activities