TrueMoney Myanmar နှင့် AYA Pay ပူးပေါင်း၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွယ်ကူမြန်ဆန်သော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု မိတ်ဆက်
ရန်ကုန်မြို့ – ၂၀၂၅၊ သြဂုတ်လ ၂၂ ရက် – ဒစ်ဂျစ်တယ် ငွေပေးချေမှု နှင့် FinTech နယ်ပယ်တွင် ဦးဆောင်ဝန်ဆောင်ပေးနေသော TrueMoney Myanmar သည် AYA ဘဏ်၏ အားထားရသော ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုဖြစ်သော AYA Pay Mobile Wallet နှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက် ငွေလွှဲမှုများအတွက် ဝန်ဆောင်ခ “အခမဲ့”ဖြင့် မြန်ဆန်တိကျပြီး၊ လုံခြုံမှုရှိသည့် နိုင်ငံတကာငွေလွှဲ ဝန်ဆောင်မှု တစ်ခု ကို မိတ်ဆက်လိုက်ပါသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာပြည်သူများအတွက် ဤပူးပေါင်းမှုသည် မိသားစုများထံသို့ ငွေလွှဲရာတွင် ပိုမိုလွယ်ကူလာစေမှာဖြစ်ပြီး ဝန်ဆောင်ခ “အခမဲ့”ဖြင့် လုံခြုံမြန်ဆန်သော ဝန်ဆောင်မှုတစ်ရပ်ကို ရရှိနိုင်စေရန် ရည်ရွယ်ပါသည်။ သုံးစွဲသူများသည် ထိုင်းနိုင်ငံရှိ TrueMoney Wallet မှ မြန်မာနိုင်ငံရှိ AYA Pay Wallet သို့ ဝန်ဆောင်ခ အခမဲ့ဖြင့် တိုက်ရိုက် ငွေလွှဲနိုင်ပြီး၊ ငွေထုတ်သုံးစွဲရာတွင်လည်း ဝန်ဆောင်မှု အခကြေးငွေ ထပ်မံ ကောက်ခံခြင်း မရှိသောကြောင့် မြန်မာနိုင်ငံရှိ ငွေလက်ခံသူများထံသို့ ငွေပမာဏအားလုံးကို လုံခြုံလျှင်မြန်စွာဖြင့် လက်ခံရရှိစေမည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံရှိ TrueMoney Wallet မှ ငွေလွှဲ လက်ခံရာတွင် ငွေလွှဲသူမှ ထားသော လျှို့ဝှက်နံပါတ်များကို ငွေထုတ်သူမှ ထရူးမန်းနီး အေးဂျင့်ဆိုင်တွင် ပြောပြကာ ငွေထုတ်ယူသကဲ့သို့ ယခုအခါ AYA Pay Wallet ဖြင့်ငွေလက်ခံရာတွင်လည်း ထိုလျှို့ဝှက်နံပါတ်ကို အသုံးပြုရိုက်နှိပ်ပြီးမှသာ e-money အဖြစ် ငွေလက်ခံရရှိမှာဖြစ်ပါတယ်။
ယခုပူးပေါင်းလုပ်ဆောင်မှုအတွက် TrueMoney Myanmar ၏ Country Managing Director ဦးထွန်းထွန်းလင်း က “TrueMoney Myanmar အနေနဲ့ Fintech နယ်ပယ်တိုးတက်လာတာနဲ့အတူ မြန်မာပြည်သူတွေအတွက် ငွေကြေးဝန်ဆောင်မှုတွေပေးတဲ့အခါ ပိုမိုလွယ်ကူလျှင်မြန်အောင် အမြဲဆောင်ရွက်နေပါတယ်။ ယခုလို AYA Pay နဲ့ ပူးပေါင်းမှုက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ မြန်မာနိုင်ငံက မိသားစုတွေဆီကို ငွေလွှဲရာမှာ မှန်ကန်တဲ့ ငွေလွှဲနှုန်းထားနဲ့အတူ ဝန်ဆောင်ခ အခမဲ့နဲ့ ပိုမိုလွယ်ကူအဆင်ပြေစွာ ငွေလွှဲနိုင်ဖို့ ရည်ရွယ်ပါတယ်။”
AYA Bank PCL ၏ အမှုဆောင်အရာရှိချုပ် ဒေါ် Jasmine သဇင်အောင်မှလည်း “ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိကအချက်ကတော့ ကျွန်မတို့ရဲ့ သုံးစွဲသူတွေအတွက်ပဲဖြစ်ပါတယ်။ သုံးစွဲသူတွေထဲမှာ မွေးရပ်မြေမှာနေနေကြတဲ့ မြန်မာနိုင်ငံအနှံ့က မိခင်တွေ၊ ကျောင်းသူကျောင်းသားတွေ၊ သက်ကြီးမိဘတွေပါကြတယ်။ တစ်မြေခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မိဘတွေ ၊ သာသမီးတွေနဲ့ မိသားစုဝင်တွေဆီက အချိန်မှန်မှန် ငွေလွှဲကိုမျှော်လင့်လေ့ရှိကြပေမယ့် တကယ်တမ်းမှာ ငွေလွှဲကိုမျှော်လင့်တယ်ဆိုတာထက် မိသားစုဝင်တွေရဲ့ ချစ်ခြင်းမေတ္တာ၊ သံယောဇဥ်တွေနဲ့ သတိရခြင်းတွေလည်းပါဝင်နေတာဖြစ်တယ်။ အခု TrueMoney ၏ နယ်စပ်ဖြတ်ကျော် ငွေလွှဲ ပလက်ဖောင်းနှင့် AYA Pay တို့ရဲ့ လက်တွဲဆောင်ရွက်မှုက သာမန်ငွေပေးငွေယူမှုတွေကို လုပ်ဆောင်နိုင်ရုံမကပဲ၊ သုံးစွဲသူတွေအနေနဲ့ ငွေလွှဲတော့မယ်ဆိုရင် စိတ်ချယုံကြည်ရမယ်၊ အချိန်ကုန်သက်သာမယ်၊ စိတ်အေးချမ်းရမယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက သာမန် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုထက်ပိုတဲ့ လူသားအကျိုးပြုပြောင်းလဲမှုဖြစ်တယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့သည်။








