အသေးစားလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခြင်းရဲ့ အားသာချက်/ အားနည်းချက်များ
လူအတော်များများက ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်ချင်ကြပါတယ်။
အလုပ်ချိန်ဇယားတွေ ကိုယ်တိုင်ဆွဲ၊ လုပ်ငန်းပိုင်းဆိုင်ရာစည်းကမ်းတွေ ကိုယ့်တိုင်ထုတ်ပြန်ရတဲ့ ‘လုပ်ငန်းရှင်‘တစ်ယောက်ဖြစ်လာဖို့အတွက်ကတော့ ထင်သလောက် မလွယ်ကူပါဘူး။
အထူးသဖြင့် အလုပ်သမားဘဝကနေ အသေးစားလုပ်ငန်းရှင်အဖြစ် ပြောင်းလဲလုပ်ကိုင်မယ့်သူတွေအတွက် လုပ်ငန်းရှင်ဖြစ်ရခြင်းရဲ့ အားသာချက်/ အားနည်းချက်တွေထဲက အချို့ကို ထရူးမန်းနီးက ရှာဖွေတင်ပြပေးထားပါတယ်။
ဘယ်အားသာချက်ချက်တွေက ကိုယ်မှာရှိနေပြီလဲ?
ဘာတွေကတော့ ဘယ်လောက်ထပ်ဖြည့်ရဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်စဉ်းစားနိုင်ကြပါစေ။
အသေးစားလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရခြင်းရဲ့ အားသာချက်များ
၁) ကိုယ့်စိတ်ကြိုက် ဖြစ်လာခြင်း
အလုပ်သမားဘဝကထက်ပိုပြီး ကိုယ်ပိုင်အလုပ်ချိန်တွေ ၊ အလုပ်အားလပ်ရက်တွေ၊ အလုပ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချတာတွေမှာ ကိုယ်စိတ်ကြိုက် သတ်မှတ်လာနိုင်ပါလိမ့်မယ်။
၂) ဝင်ငွေပိုလာခြင်း
လုပ်ငန်းအားလုံးရဲ့ ကောင်းကျိုး/ဆိုးပစ် မှန်သမျှကို တာဝန်ယူဖြေရှင်းရလို့ တာဝန်တွေပိုလာသလို ဝင်ငွေလည်း ပိုရလာနိုင်ပါတယ်။
၃) စိတ်ကျေနပ်မှုကိုရစေခြင်း
လုပ်ငန်းရှင်အများစုဟာ ကိုယ်တိုင်သဘောကျပြီး ကျွမ်းကျင်တဲ့အလုပ်တွေပေါ်မှာအခြေခံတတ်ကြတယ်။ ဒါကြောင့် ကိုယ်စိတ်ပျော်တာကို ဦးဆောင်လုပ်ကိုင် နေရတဲ့အတွက် လုပ်ငန်းခွင်မှာ စိတ်ကျေနပ်မှုပိုရလေ့ရှိကြပါတယ်။
ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းမျိုးဖြစ်တာနဲ့အညီ လုပ်ငန်းတိုးတက်ဖို့အတွက် သင်တန်းတွေထပ်တက်ရမယ်၊ အိုင်ဒီယာတွေစဉ်းစားရမယ်ဆိုရင်လည်း မညည်းငြူဘဲ ကြိုးစားပမ်းစားလုပ်ကိုင်တတ်ကြပါတယ်။
၄) ပတ်ဝန်းကျင်ကိုလည်း ကူညီအားပေးရာရောက်ခြင်း
လုပ်ငန်းရှင်ဖြစ်လာတာနဲ့အညီ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို တတ်နိုင်သလောက် အလုပ်နေရာတွေဖန်တီးပေးနိုင်သလို ကိုယ်ဒေသတွင်းရဲ့စီးပွားရေးတွေကိုလည်း ကူညီအားပေးရာကိုရောက်စေတယ်။
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်တယ်ဆိုသလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု တည်ဆောက်နိုင်ခြင်းဟာ မိမိပတ်ဝန်းကျင်က မိသားစုတွေ၊ အခြားလုပ်ငန်းတွေအတွက်လည်း အထောက်အကူကိုဖြစ်စေနိုင်ပါတယ်။
၅) အနာဂတ်အတွက် ပြင်ဆင်နိုင်ခြင်း
ဒါကတော့ လူအများစု ကိုယ်ပိုင်အလုပ်လုပ်ဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့လုပ်ငန်းတစ်ခု လက်ထဲမှာရှိနေပြီး အနာဂတ်မျိုးဆက်များစီကိုလည်း လက်ဆင့်ကမ်းနိုင်ပါတယ်။ အမြန်ဆုံးအောင်မြင်ခဲ့ရင် ဘဝရဲ့ အသက်ကြီးပိုင်းကာလတွေကို အပူအပင်မရှိဖြတ်သန်းနိုင်ကာ အလုပ်ကနေလည်း စောစောစီးစီးအနားယူနိုင်ပါလိမ့်မယ်။
၆) ကိုယ့်အသိပညာကို မြှင့်တင်နိုင်ခြင်း
လုပ်ငန်းရှင်ဖြစ်လာတာနဲ့အညီ မိမိအလုပ်အပြင် အခြားစက်မှုလုပ်ငန်းအကြောင်း၊ အခြားကုမ္ပဏီများလည်ပတ်နေပုံအကြောင်း၊ အကျိုးတူပူးပေါင်းမှုများအကြောင်း၊ ဘဏ်ချေးငွေအကြောင်း၊ လုပ်ငန်းအတွက် အခွန်ဆောင်ပုံအကြောင်း၊ အရောင်းမြှင့်တင်နည်းအကြောင်း စတာတွေကိုပါ ထောင့်ပေါင်းစုံကနေ လေ့လာထားရမှာဖြစ်လို့ ကိုယ်ပိုင်အသိပညာများ အမြဲတိုးပွားလာစေနိုင်ပါတယ်။
အသေးစားလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရခြင်းရဲ့ အားနည်းချက်များ
၁) အန္တရာယ် ပိုကြီးလာခြင်း
လုပ်ငန်းရှင်တစ်ယောက်အတွက် အကျိုးကျေးဇူးတွေအများကြီး ရှိနိုင်သလို အန္တရာယ်များတဲ့အရာတွေလည်း အများကြီးရှိပါတယ်။ ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲနိုင်မှုအားနည်းရင်တော့ ဘဏ်ချေးငွေတွေ၊ ပိုင်ဆိုင်မှုကို ပေါင်နှံထားတာတွေ၊ အခြားချေးငွေတွေရဲ့‘နွံ့‘ထဲကနေ ရုန်းမထွက်နိုင်ဘဲ ရည်းမှန်းချက်တွေ ပျောက်ပျက်သွားတတ်ပါတယ်။ ဒါကြောင့် အရာရာကို နေရာပေါင်းစုံကနေ စဉ်းစားထားနိုင်မှသာ တော်ကာကျမှာ ဖြစ်ပါတယ်။
၂) မသေချာမရေရာမှုများ ပိုများလာခြင်း
လက်ရှိဈေးကွက်အခြေအနေ၊ ကိုယ့်ရဲ့ထုတ်ကုန်၊ ထုတ်လုပ်နိုင်တဲ့အား၊ အလုပ်သမား၊ ငွေရေးကြေးရေး စတဲ့နေရာပေါင်းစုံကို ထည့်သွင်းတွက်ချက်လုပ်ကိုင်ရလို့ မသေချာမရေရာမှုတွေ များပြားလှပါတယ်။
ဥပမာ – ကိုယ့်ထုတ်လိုက်တဲ့ပစ္စည်းဟာ လက်ရှိဈေးကွက်မှာ ဘယ်အချိန်ထိလိုအပ်နေဦးမှာလဲဆိုတဲ့ မသေချာမှုမျိုးတွေ ကြုံတွေနိုင်ပါတယ်။
၃) ငွေကြေးဆိုင်ရာ ကတိကဝတ်များပြားလာခြင်း
အားလုံးသိပြီးသားပါပဲ။ လုပ်ငန်းရှင်တစ်ယောက်ဟာ ငွေကြေးဆိုင်ရာ ကတိကဝတ်တွေကို စိန်ခေါ်ရပါတယ်။ ကိုယ့်လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံရမယ့်ငွေကို ဘယ်ကနေရှာမှာလဲ၊ ဘယ်လိုသုံးစွဲမှာလဲ၊ ဘယ်လိုပြန်ဆပ်မှာလဲ စတာတွေကို အကုန်လုံးပြင်ဆင်ထားရပါမယ်။ ငွေကြေးမှာ နာမည်ပျက်တာနဲ့ စီးပွားရေးမှာလည်း ကျရှုံးဖို့များပါတယ်။
၄) အလုပ်ချိန်ပိုများလာခြင်း
လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီဆို အလုပ်တွေကိုတပည့်တွေနဲ့လွှဲ၊ ကိုယ်ကတော့ မိသားစုနဲ့သာသာယာယာ အချိန်ပေးပြီးနေလို့ရပြီလို့ တွေးလိုက်ရင်တော့ တက်တက်စင်အောင်လွဲပါလိမ့်မယ်။ လုပ်ငန်းပေါ်မူတည်ပြီး ကိုယ်တိုင်ပါဝင်ရမယ့်နေရာများလေလေ… အလုပ်ချိန်တွေပိုများလေလေဆိုတာကိုတော့ သိနားလည်ထားရပါမယ်။
၅) စိတ်ဖိစီးမှုများလာခြင်း
အထူးပြောစရာမလိုပါဘူး။ လုပ်ငန်ကောင်းမွန်စွာလည်ပတ်ဖို့ ငွေရေးကြေးရေး၊ အလုပ်သမားအရေး၊ ဈေးကွက်အသစ်ရှာဖွေရေး စတာတွေအားလုံးဟာ ကိုယ်ပါဝင်ပတ်သက်နေရတာကြောင့် စိတ်ဖိစီးမှုများမှာကတော့ မလွဲမသွေပါပဲ။
၆) ကိုယ်မကြိုက်တာတွေကိုလည်း လုပ်လာရခြင်း
လုပ်ငန်းရှင်တစ်ယောက်အဖို့ ကိုယ်မကြိုက်ပေမယ့်လည်း လုပ်ငန်းသဘောအရ ဆုံးဖြတ်လုပ်ကိုင်လိုက်ရတာတွေ ရှိတတ်ပါတယ်။
ဥပမာ – ဘယ်လောက်ပဲ ရင်းနှီးနေပါစေ၊ လုပ်ငန်းတိုးတက်ဖို့အတွက် အဆင်မပြေတဲ့သူကို အလုပ်ထုတ်သင့်တဲ့အချိန်မှာ အလုပ်မှထွက်ဖို့စကား ပြောကိုပြောရပါမယ်။
အထက်မှာဖော်ပြခဲ့တာတွေကတော့ လုပ်ငန်းရှင်တစ်ယောက်လုပ်တော့မယ်ဆို ထည့်သွင်းစဉ်းစားရမယ့် အားသာချက်/ အားနည်းချက်များသာဖြစ်ပါတယ်။ ဒီထက်ပိုမယ့်အကြောင်းတွေလည်း အများကြီးရှိနေသေးတာဖြစ်လို့ ကိုယ်တွေ့ကြုံရတဲ့အချက်လေးတွေရှိရင်လည်း ကွန်မန်းမှာ မျှဝေပေးခဲ့ပါဦး။
ထရူးမန်းနီးမိတ်ဆွေများအားလုံး… စိန်ခေါ်မှုတိုင်းကိုကျော်ဖြတ်နိုင်ပြီး အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်ကြီးများအဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်ကြပါစေ။
ကိုးကား – gorillaaccounting.com