သတိ!!! လေထုညစ်ညမ်း နေသည်…

Articles
19 March, 2023

နွေဝင်ကာစ လို့ ဆိုပေမယ့် ပူတာက တော်တော့်ကို ‘ပူ’လာပါပြီ။

ပူရတဲ့ကြားထဲ မြန်မာနိုင်ငံရဲ့ လေထုသန့်စင်မှုညွန်းကိန်း (AQI) ကလည်း နှိမ့်ကျလျက်ရှိနေပြီး ရန်ကုန်နဲ့ မန္တလေးလို စက်မှုဇုန်တွေများတဲ့ မြို့တွေမှာဆိုရင် မြူလိုလို၊ မီးခိုးလိုလိုတွေ အုံ့ဆိုင်းနေတာကို ကြုံနေရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အလားတူဖြစ်ရပ်မျိုး ကြုံနေရလို့ ဘန်ကောက်မြို့နဲ့ တစ်တန်းထဲကျနေတဲ့ ‘ထားဝယ်မြို့’မှာဆိုရင်လည်း လေထုညစ်ညမ်းဆုံးဖြစ်နေပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှု နဲ့ဆိုင်တဲ့ ဗဟုသုတအချို့ကို ထရူးမန်းနီးက ရှာဖွေတင်ပြပေးလိုက်ပါတယ်။

 

လေထုညစ်ညမ်းရင် ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲအခြေအနေတွေကတော့

– အသက်ရှုမဝ ဖြစ်လာခြင်း၊

– မျက်စိစပ်ပြီး မျက်ရည်ပူများကျလာတတ်ခြင်း၊

– လေးလံထိုင်းမှိုင်းလာခြင်း၊

– မကြာခဏ အာခေါင်ခြောက်ပြီး ရေဆာခြင်း၊

– လည်ချောင်းခြောက်ပြီး ချောင်းဆိုးခြင်း၊

– နှာစည်း၊နှာပိတ်ခြင်း စတာတွေဖြစ်လာတတ်ပါတယ်။

 

ပတ်ဝန်းကျင်လေထုညစ်ညမ်းနေရင် ဘာတွေလုပ်ကြမလဲ?

 

စက်မှုဇုန်များတဲ့မြို့တွေ မြန်မာပြည်တောင်ပိုင်းကမြို့တွေမှာ နေထိုင်သူများအနေနဲ့ ပူပြင်းခြောက်သွေ့ပြီး လေထုညစ်ညမ်းနေတဲ့ကာလမှာ ကျန်းမာစွာနေနိုင်ဖို့ လိုက်နာသင့်တာလေးတွေကတော့…

၁) အပြင်ထွက်တိုင်း  Mask တပ်ပြီး ရေဘူး၊ ထီး ဆောင်သွားကြပါ။ (*တတ်နိုင်ရင် 95 Mask တပ်ပါ)။ အဆုတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါအခံရှိသူတွေကတော့ လိုအပ်ရင် သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကြိုသောက်တာမျိုး ပြုထားသင့်ပါတယ်။

၂) ရေကို တစ်ရက် (၃)လီတာလောက် သောက်ရပါမယ်။

၃) အိမ်အပြင်ဘက်က လေထုညစ်ညမ်းနေရင် အိမ်ရှိပြတင်းပေါက်တွေကို ပိတ်ထားပါ။

၄) အိမ်မှာ လေသန့်စင်စက် (Air-purifier) ရှိပါက ဖွင့်ထားပေးပါ။

၅) အိမ်အပြင်ထွက်ပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို တတ်နိုင်သလောက် လျော့ချပြီး အားကစားရုံ(Gym) သို့မဟုတ် အိမ်တွင်းမှာသာ လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။

၆) သက်ကြီးရွယ်အိုများနှင့် ကလေးများကို အလိုအပ်ဘဲအိမ်ပြင် မထွက်ပါစေနဲ့။

 

ကိုယ့်ပတ်ဝန်းကျင်မှာလည်း လေထုညစ်ညမ်းခြင်း လျော့နည်းလာအောင်

 

– အမှိုက်မီးရှို့ခြင်း၊ ပလပ်စတစ်၊ရာဘာ မီးရှို့ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။

– လွန်ကဲစွာ အိပ်ဇောပိုက်မီးခိုးလိုက်နေတဲ့ ကား/ဆိုင်ကယ်တွေကို အပြင်ထွက်မောင်းနှင်ခြင်း မပြုသင့်ဘဲ အသုံးပြုမည်ဆိုပါက ပြုပြင်ပြီးမှသာ ပြန်လည်မောင်းနှင်သင့်ပါတယ်။

 

ကိုယ်နေထိုင်ရာမြို့ရဲ့ လေထုသန့်စင်မှုညွန်းကိန်း (AQI) ကိုလည်း မျက်ခြေမပြတ်သိရှိထားဖို့လိုအပ်တာကြောင့် စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေထဲက အချို့ကိုလည်း ရှာဖွေတင်ပြပေးလိုက်ပါတယ်။

ပထမနည်းကတော့ မိမိအသုံးပြုတဲ့ ဖုန်းက (Smart Phone) ဆိုရင်တော့

– ဖုန်းအင်တာနက်ကို ဖွင့်ပါ။

– ဖုန်းရဲ့တည်နေရာ (Location) ကို ဖွင့်ပြီး

– Weather ဆိုတဲ့နေရာကို နှိပ်ကြည့်ကာ (AQI) ကို ဝင်ရောက်ကြည့်ရှု့လို့ရပါတယ်။

 

နောက်တစ်မျိုး အနေနဲ့ကတော့ အောက်ပါလင့်

Link – https://www.accuweather.com ကိုနှိပ်ပြီး ကိုယ်သိချင်တဲ့ မြို့နာမည်ကို အင်္ဂလိပ်လို ရိုက်ထည့်ပြီး စစ်ဆေးကြည့်လို့ရပါတယ်။

(AQI) နံပါတ်မြင့်တက်နေပြီး (လိမ္မော်ရောင်/ အနီရောင်) များဖြစ်နေပါက လေထုညစ်ညမ်းတယ်လို့ ယူဆရမှာဖြစ်ပြီး (AQI) နံပါတ်နိမ့်ကာ (အစိမ်းရောင်) ဖြစ်နေပါက နေထိုင်လို့သင့်တော်တဲ့ လေထုလို့ ယူဆနိုင်ပါတယ်။

ဒါ့အပြင် အားလပ်တဲ့ပိတ်ရက်တွေမှာ ပိုမြင့်တဲ့တောင်ထိပ်၊ သစ်ပင်ပိုများတဲ့နေရာတွေကို သွားရောက် အနားယူသင့်ပါတယ်။

 

ထရူးမန်းနီး မိတ်ဆွေများအားလုံး ကိုယ်တိုင်လည်း ကျန်းမာပြီး ပတ်ဝန်းကျင်ကိုလည်း ကျန်းမာခြင်းဗဟုသုတဖြန့်ဝေပေးနိုင်သူတွေ ဖြစ်ကြပါစေ။

Other Articles

Articles
Articles
Articles