‌ပြည်တွင်းငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုများကို MAB  နှင့်အတူတကွ လက်တွဲလုပ်‌ဆောင်မည်ဖြစ်ကြောင်း တရားဝင်ကြေညာခြင်း

News
30 December, 2022
TrueMoney Myanmar Co.,Ltd သည် ၂၀၁၅ ခုနှစ်မှ စတင်၍ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ပြီး ပြည်တွင်း ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှ စတင်ပြီး ကျွန်မတို့ TrueMoney Myanmar Co.,Ltd သည် မြန်မာ့ရှေ့ဆောင်ဘဏ် (Myanma Apex Bank) နှင့်သာ လက်တွဲ၍ ပြည်တွင်း ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုများ၊ ဖုန်းငွေဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း တို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

TureMoney Myanmar Co.,Ltd ၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် ဝန်ဆောင်မှုများကို ယခုထက်ပိုမို၍ ကောင်းမွန်စွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းကိုလည်း ထပ်လောင်းပြောကြားလိုပါသည်။

 

သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

သတင်းထုတ်ပြန်ချက်။            ။ Mobile Banking လမ်းညွှန်ချက်များအရ MAB နှင့် TrueMoney Myanmar တို့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများအတွက် အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်း

 

TrueMoney Myanmar ငွေလွှဲငွေထုတ်လုပ်ငန်းမှ ထုတ်ပြန်ကြေညာချက်အရ Managing Director ဖြစ်သူ Mrs. Kyi Thar Romanet မှ “TrueMoney Myanmar ၏ သက်တမ်း (၈) နှစ် ပြည့်သောနေ့တွင် လက်ခံရရှိသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) နှင့် အကျိုးတူ ပူးပေါင်းကာ မိုဘိုင်းငွေရေးကြေးရေး လုပ်ငန်းများအား မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ လက်တွဲဆောင်ရွက်သွားပါမည်” ဟု အတည်ပြုပြောကြားခဲ့ပါသည်။

 

ယခုကဲ့သို့ ပူးပေါင်းမှုသည် TrueMoney ၏ မြန်မာနိုင်ငံတွင် ရပ်တည်မှုအား FinTech (နည်းပညာပိုင်းဆိုင်ရာ ငွေရေးကြေးရေးကဏ္ဍ)တွင် ပိုမိုအားကောင်းစေပြီး ဆက်သွယ် ဆောင်ရွက်သူများ၊ ကိုယ်စားလှယ်များနှင့် ဖြန့်ဖြူးရောင်းချသူများအား ပိုမိုအရည်အသွေးပြည့်မီသော ငွေရေးကြေးရေးဆိုင်ရာ ၀န်ဆောင်မှုအား ပေးဆောင်နိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ပူးပေါင်းမှုသည် ငွေကြေးဆိုင်ရာကဏ္ဍ၏ အရေးကြီးသော အနေအထားတွင် သာမက FinTech (နည်းပညာပိုင်းဆိုင်ရာ ငွေရေးကြေးရေးကဏ္ဍ)နှင့် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုပူးပေါင်းကာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ရာနှုန်းပြည့် အရှိန်အဟုန်ပြည့် ချဲ့ထွင်ကာ ပေးအပ်နိုင်မည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် အကျိုးတူ ပူးပေါင်းကာ မိုဘိုင်းငွေရေးကြေးရေး လုပ်ငန်းများဖြစ်သော ပြည်တွင်း ငွေလွှဲ၊ငွေထုတ်ခြင်းနှင့် ဖုန်းဘေလ်များ၊ ဘေလ်ပေးဆောင်ခြင်းများကိုသာမက မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဘဏ်အသုံးပြုသူများ အတွက်လည်း e-wallet လုပ်ငန်းဆောင်ရွက်သူများနှင့် ဆက်စပ်သော ငွေသွင်း၊ ငွေထုတ် လုပ်ငန်းများအား ဖြည့်တင်းကာ ဆောင်ရွက်နိုင်လာမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ ရှေ့ပြေး ပြည်တွင်းဘဏ်များထဲမှ တစ်ခုဖြစ်သော မြန်မာ့ရှေ့ဆောင်ဘဏ်၏ Chief Executive Officer ဖြစ်သူ ဦးကျော်နီခင်မှလည်း “မြန်မာ့ရှေ့ဆောင်ဘဏ်အနေဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအား စဉ်ဆက်မပြတ် ဖြည့်ဆည်းနိုင်ရန်အတွက် ‌အစဉ်တစိုက် ကြိုးပမ်းလျက်ရှိရာ ယခုအခါတွင် လေးစားရပါသော မိဘပြည်သူများအား ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများ ပေးအပ်နိုင်ရန် TrueMoney နှင့် အကျိုးတူ လက်တွဲပူးပေါင်းဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း ဝမ်းမြောက်စွာ ကြေညာလိုကြောင်းနှင့် ယင်းကဲ့သို့ ပူးပေါင်းမှုသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး၏ နေထိုင်မှုအတွက် ပိုမိုကောင်းမွန်သော အကျိုးရလဒ်များအား ယူဆောင်လာနိုင်မည်ဟု ယုံကြည်ကြောင်း” အတည်ပြု ပြောကြားခဲ့ပါသည်။

 

TrueMoney သည် ယခုအခါတွင် နိုင်ငံပေါင်း (၇) နိုင်ငံ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် မလေးရှားတို့တွင် မိမိတို့၏ ကိုယ်စားလှယ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်သော မြို့ပြနှင့် ကျေးလက်ဆိုင်ရာ နေရာများတွင် ငွေရေးကြေးရေးဆိုင်ရာ ၀န်ဆောင်မှုအား ပိုမိုလွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။

 

Ascend Money Group ၏ လုပ်ငန်းခွဲဖြစ်သော TrueMoney Myanmar Co., Ltd ကို ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ လူနေမှုဘဝများ သေချာစွာ တိုးတက်ပြောင်းလဲနိုင်စေရန်အတွက် Acend Money Group နှင့် ၄င်း၏လုပ်ငန်းမိတ်ဖက်များ နှင့်အတူ လက်ချင်းချိတ် ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။ မြန်မာတစ်ပြည်လုံး ကိုယ်စားလှယ်ပေါင်း ၂၃,၀၀၀ ကျော်ရှိပါသည်။

 

မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏မိသားစုဘဝများ သာယာလှပနိုင်စေရန်အတွက် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားရှာဖွေထားသော ငွေကြေးများကို မည်မျှတန်ဖိုးထားကြောင်း နားလည်ပါသည်။ TrueMoney နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ အကျိူးတူပူးပေါင်းဆောင်ရွက်မှုကြောင့် မိသားစုနှင့် အနစ်နာခံ ဝေးကွာကာ အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအတွက် မိမိတို့ ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများဖြင့် မြန်မာမိသားစုများထံသို့ ၁၀၀ ရာခိုင်နှုန်း ပြည့်မီ လွယ်ကူစိတ်ချစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်။

 

“မိမိနှင့်အတူ TrueMoney Myanmar အဖွဲ့သားများ အားလုံးမှ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဆိုင်ရာဘဏ် (AGD Bank) ၏ CEO ဖြစ်သော ကိုထက်တေဇနှင့်တကွ အဖွဲ့သားများ အားလုံးအား ယခုကဲ့သို့သော (၈) နှစ်တာ အကျိူးတူပူးပေါင်း ဆောင်ရွက်မှုများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ မြန်မာ့ရှေ့ဆောင်ဘဏ်၏ အဖွဲ့သားများသို့လည်း မိမိတို့မှ ပိုမိုကောင်းမွန်သော လက်တွဲဆောင်ရွက်ခြင်းအား မျှော်လင့်ပါကြောင်းနှင့် မိမိတို့နှစ်ဦးနှစ်ဖက်၏ အဓိက ရည်ရွယ်ချက်အရ မိမိတို့၏ ဆက်သွယ်ဆောင်ရွက်သူများ အနေဖြင့် စဉ်ဆက်မပြတ်သော ၀န်ဆောင်မှုအား ပိုမိုယုံကြည်စိတ်ချစွာဖြင့် ဆက်လက်ဆောင်ရွက်ရန် အားဖြည့်တင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” Managing Director ဖြစ်သူ Mrs. Kyi Thar Romanet မှ နိဂုံးချုပ် ပြောကြားခဲ့ပါသည်။

Other News

News
News
News