ဖုန်း နဲ့ ကလေး… ‘ဝေး’နေဖို့အရေး (မိဘများအတွက် အကြံပေး)

Articles
12 June, 2023

ကလေးငယ်တွေကို ‘ဦးစားပေးရမယ့်အချိန်’ ရောက်လာပါပြီ။
ကလေးရှိတဲ့ ယနေ့ခေတ်မိဘတိုင်းလိုလို ကြုံတွေ့နေရတဲ့အခက်အခဲကို ထရူးမန်းနီးမိဘများအတွက် ဆွေးနွေးတင်ပြပေးချင်ပါတယ်။
အဲ့ဒါကတော့ ကလေးငယ်တွေဟာ နေ့တိုင်းမှာ အချိန်များစွာဖုန်းကြည့်တဲ့ ပြဿနာပါပဲ။

 

နည်းပညာဟာ ယနေ့ခေတ်ကလေးငယ်များရဲ့ဘဝအတွက် ကြီးမားတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာနေတာကတော့ ငြင်းချက်ထုတ်မရပါဘူး။ နည်းပညာကနေ
ကောင်းကျိုးများပေးနိုင်သလို (ဥပမာ – သိလိုသောအချက်အလက်များကို အလွယ်တကူရှာဖွေနိုင်ခြင်း) ဆိုးကျိုးများလည်း ရစေနိုင်ပါတယ်။ (ဥပမာ – အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းလာခြင်း)
ကလေးတွေရဲ့ဘဝမှာ ကွန်ပြူတာ၊ စမတ်တီဗီ စတာတွေနဲ့ နေ့စဉ်ကြုံနေရပြီး အသက်ငယ်ငယ်မှာပဲ စမတ်ဖုန်းကို အချိန်များစွာထိတွေ့ခွင်ရနေကြပါတယ်။ (Screen Time) လို့ခေါ်တဲ့ ဖုန်း၊ကွန်ပြူတာကြည့်ချိန်တွေများလာတာနဲ့အမျှ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ကလေးဟာ တဖြည်းဖြည်းနဲ့ အထီးကျန်မှု၊ စိုးရိမ်ပူပန်မှုတွေများလာမယ်၊ ကျောင်းစာပေါ်မှာအာရုံစူးစိုက်မှု အားနည်းလာမယ် စတာတွေ ကြုံတွေ့လာရတတ်ပါတယ်။

ဒါကြောင့် မိမိကလေးကို ဖုန်းနဲ့ဝေးဝေးမှာရှိစေပြီး ပတ်ဝန်းကျင်ကိုပြန်လည်စိတ်ဝင်စားမှုရှိလာစေနိုင်တဲ့ နည်းလမ်းအချို့ကို မိဘများအတွက် ရှာဖွေတင်ပြပေးလိုက်ပါတယ်။

 

၁) ရွေးချယ်ခိုင်းပါ
မိဘ (သို့မဟုတ်) ဆရာတွေရဲ့ ပြောသမျှကို တစ်နေကုန်လိုက်လုပ်နေရတဲ့ ကလေးငယ်အတွက် အိမ်ပြင်မှာဆော့ကစားဖို့ ကစားနည်းကိုတော့ သူကိုယ်တိုင် လွတ်လပ်စွာရွေးချယ်ခွင့်ကိုပေးပါ။
ဥပမာ – ပန်းခြံ သွားမလား၊ စက်ဘီးစီးချင်လား၊ ဘောလုံးကန်ချင်လား။ အပြင်မှာဆော့ကစားဖို့ တစ်ခုခုကို ကလေးကိုယ်တိုင် ရွေးချယ်တတ်ပါစေ။

 

၂) ဖွင့်ပြောတတ်လာအောင် နှိုးဆော်ပါ။
အပြင်မှာဆော့ကစားတာတွေထဲက ဘယ်လိုကစားနည်းကို သူကြိုက်လဲဆိုတာကို ကလေးငယ်ဖွင့်ပြောလာတတ်အောင် ကြိုးစားပါ။ ကလေးငယ်မကြုံဘူးတဲ့ ကစားနည်းတွေကိုလည်း မိဘက မိတ်ဆက်ပေးတတ်ရပါမယ်။

 

၃) ပျော်ရွင်ပါစေ
အပြင်မှာကစားရချိန်တွေမှာ ကလေးကို ပျော်ရွှင်အောင်ထားပါ။ ကစားနည်းအသစ်တွေပေါ်မှာလည်း ‘ငါလုပ်နိုင်တယ်’ဆိုတဲ့ ယုံကြည်မှုမျိုးရှိလာအောင် လေ့ကျင့်ပျိုးထောင်ပေးပါ။ ကိုယ်လက်လှုပ်ရှားကစားတာဟာ ပျော်ရွှင်မှုကိုရစေပါလားဆိုတဲ့အသိ ကလေးငယ်မှာ ဖြစ်ပေါ်လာပါစေ။

 

၄) ပေါင်းသင်းဆက်ဆံတတ်ပါစေ
ကိုယ့်ကလေးက သူ့ရဲ့သူငယ်ချင်းကို အတူတူခေါ်လာပြီး ကစားစေချင်တဲ့ ကစားနည်းမျိုးကို မိတ်ဆက်ပေးပါ။ (ဥပမာ – ကြက်တောင်ရိုက်ခြင်း)
အခြားကလေးငယ်များနဲ့အတူတူ ကစားတာမျိုးကိုလည်း ခွင့်ပြုသင့်တာမျိုးကို ခွင့်ပြုပေးပါ။

 

၅) ပြိုင်ဆိုင်တာမျိုး မဖြစ်ပါစေနဲ့
အချို့ကလေးတွေက သိပ်ပြီးသွက်သွက်လက်လက် မရှိတတ်ကြပါဘူး။ ဒီလိုကလေးမျိုးကို များများဆော့အောင် အခြားကလေးတွေကြားထဲ အတူတူ သွားထည့်လို့မရပါဘူး။ သူမလုပ်နိုင်ဘူး လို့ ထင်သွားရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့ကျသွားတတ်ပါတယ်။ သူနဲ့သင့်တော်မယ့်၊ သူလုပ်နိုင်မယ့်အရာမျိုးကို မိဘက ရှာကြံပြီး ဆော့ပေးရပါမယ်။

 

၆) မိသားစုကိုအချိန်ပေးပါ
ဘယ်လောက်ပဲအလုပ်များနေပါစေ ကိုယ်ချစ်တဲ့မိသားစုအတွက် အချိန်ပေးရပါမယ်။ မနက်ပိုင်း လမ်းအတူလျှောက်ပြီး မနက်စာအတူတူစားတာမျိုး၊ စက်ဘီးအတူတူစီးတာမျိုး စတာတွေကို မဖြစ်မနေလုပ်ဆောင်ပေးရပါမယ်။

အပြင်ထွက်ဖို့ခက်တဲ့ မိုးတွင်းကာလတွေမှာတော့ ကိုယ့်အိမ်တွင်းမှာပဲ ကလေးအတွက် အခြားသောစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကို ဖန်တီးပေးရပါမယ်။
(ဥပမာ – မြွေလှေကားဂိမ်း၊ စစ်တုရင်ထိုးခြင်း) စတာတွေနဲ့ အစားထိုးနိုင်သလို ဟင်းချက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂစ်တာတီးခြင်းစတဲ့ ကလေးငယ်ရဲ့ဝါသနာပါရာတွေကိုလည်း စောင့်ကြည့်လေ့လာပြီး သင်ပေးလို့ရပါတယ်။

 

ကလေးငယ်ကို ဖုန်းကြည့်ချိန်မများစေချင်ရင် မိဘတွေကိုယ်တိုင်ကလည်း ဖုန်းကြည့်ချိန်ကို လျော့ချသင့်ပါတယ်။ အထူးသဖြင့်တော့ သူတို့ရှေ့မှာ အရေးကြီးကိစ္စမရှိဘဲ ဖုန်းမကြည့်တာ ပိုကောင်းပါတယ်။
ကလေး ‘ငြိမ်နေ’ရင် ပြီးရောဆိုပြီး ဖုန်းပေးကြည့်တဲ့အကျင့်ဟာ မိမိရဲ့ကလေးကို ချစ်ရာမရောက်ဘဲ ‘နှစ်’ရာရောက်စေတာကို သတိပြုပါ။

ကလေးငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်တွေပါ။ တိုင်းပြည်တိုးတက်ဖို့အတွက် အခြေခံအုတ်မြစ်တွေလည်း ဖြစ်တာကြောင့် ယနေ့ခေတ်ရဲ့နည်းပညာကိုလည်း မျက်ခြေပြတ်လို့ မရပါဘူး။ ဒါကြောင့် အသက်အရွယ်အလိုက် နေ့စဉ်ဖုန်းကြည့်ချိန်ကို သတ်မှတ်ပြီး ဖုန်း၊ ကွန်ပြူတာတွေကို ပေးကြည့်ဖို့လိုအပ်သလို တစ်ဖက်မှာလည်း ကလေးငယ်က ကိုယ်လက်လှုပ်ရှားမှုတွေကိုစိတ်ဝင်စားနေဖို့ လေ့ကျင့်ပေးရပါမယ်။

 

မိမိကလေးရဲ့ငယ်ဘဝကို စမတ်ဖုန်းတွေနဲ့ တတ်နိုင်သလောက် ဝေးဝေးမှာထားနိုင်ကြပါစေ။ သားငယ်သမီးငယ်တွေလည်း နည်းပညာရဲ့ကောင်းကျိုးတွေများများရပြီး စိတ်ရောကိုယ်ပါ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေ။

 

ကိုးကား – www.girlsontherun.org

Other Articles

Articles
Articles
Articles