စိတ်မညစ်ပါနဲ့

Articles
20 December, 2023

တိုးတက်လာတဲ့ ခေတ်ကြီးနဲ့အတူ အရာရာဟာ အရမ်းမြန်ဆန်နေပါတယ်။ ဖုန်းမော်ဒယ်အသစ်အကြောင်းပြောနေတုန်းမှာပဲ နောက်ထပ်ဖုန်းအသစ်တစ်မျိုးကထွက်နေပါပြီ။ ကားအသစ်ဝယ်ပြီး Showroom က မထွက်ရသေးဘူး၊ နောက်ထပ်ကားအသစ်ရဲ့ကြော်ငြာစာရွက်က အပေါက်ဝမှာ ကမ်းပေးနေပါပြီ။ လူတွေဟာနည်းပညာရဲ့ အသီးအပွင့်တွေကို သုံးဆောင်ခံစားရင်း တချို့တွေရဲ့စိတ်မှာဒဏ်ရာတွေ ပြည့်နှက်လို့နေပါတယ်။

ကိုယ့်ကိုယ်ကို အလိုမကျမှုတွေကနေ ‘စ’တင်လာတဲ့လူ့စိတ်ကို အချိန်မီမထိန်းနိုင်ရင် ခန္ဓာကိုယ်ကိုပါ ဒုက္ခပေးလာတော့မှာပါ။ ‘စိတ်ပျိုတော့ ကိုယ်နု’ တတ်သလို ‘စိတ်မောရင် လူမော’ ပါတယ်။ လူတော်တော်များများက ‘လူမော’ တာကို ခံနိုင်ပေမယ့် ‘စိတ်မော’တာကို ခံနိုင်ရည်နည်းတတ်ကြပါတယ်။ သည်းခံနိုင်စွမ်းတွေ နည်းလာမယ်၊ ဆုံးဖြတ်ချက်အမှားတွေ ချမိလာမယ်။

ကိုယ့်စိတ်က ဘယ်လိုပုံစံခံစားနေရပြီဆို ဘယ်လိုထိန်းချုပ်မလဲ၊ ဘာတွေဆက်လုပ်ရမလဲဆိုတာလေးတွေကို ထရူးမန်းနီးက ကောက်နုတ်တင်ပြပေးချင်ပါတယ်။

 

စိတ်ပင်ပန်းလာရင် –

စိတ်ကိုအနားပေးရပါမယ်။ အိပ်ရေးဝအောင် အိပ်ခြင်း၊ အားပြည့်အောင်စားခြင်းတွေ လုပ်ပေးရပါမယ်။ ဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ တရားမှတ်ကြည့်ပါ။ စိမ်းစိုနေတဲ့အရာတွေကို များများကြည့်ပါ ။ ကိုယ့်ကိုအာရုံများစေမယ့် ဖုန်း/Laptop ကြည့်ချိန်တွေကို လျှော့ချပါ။ ကိုယ်တွေးနေတာတွေကို မှတ်စုစာအုပ်ထဲမှာ ချရေးပစ်လိုက်ပါ။

 

ဒေါသထွက်လာရင် –

အလွယ်ဆုံးဖြေရှင်းနည်းကတော့ နှာခေါင်းကနေ လေကို ‘ဝဝရှူသွင်း’ ပြီး ‘ဝဝရှူထုတ်’ လိုက်ပါ။ ဒါမျိုး(၃)ကြိမ်လောက်လုပ်ပြီး ဝုန်းခနဲထွက်လာတဲ့ဒေါသအရှိန်ကို ထိန်းလိုက်လို့ရပါတယ်။ စိတ်ကိုပြေလျော့သွားစေမယ့်စကားလုံး (သို့မဟုတ်)  ဘာသာတရားနဲ့ဆိုင်တဲ့ ဘုရားစာကိုရွတ်ပါ။ ထပ်တလဲလဲ ရွတ်ပါ။ ဒေါသထွက်နေသူရှေ့က ရှောင်ထွက်လို့ရရင် ရှောင်ထွက်လိုက်ပါ။ စိတ်ကြည်နူးစရာအခိုက်အတန့်တစ်ခုကို ပြန်တွေးပြီး ခံစားကြည့်ပါ။

ဒီလိုမကြာခဏ ဒေါသထွက်နေတတ်တယ်ဆိုရင်တော့ မပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း အပျော့စားလေးတွေကို လုပ်ကြည့်ဖို့လိုပါပြီ။ ဥပမာ – ယောဂလေ့ကျင့်ခန်းမျိုးက ကြွက်သားတွေကို ဖြေလျော့စေသလို စိတ်ကိုလည်း ဖြေလျော့စေပါတယ်။

 

အတွေးလွန်ပြီး အိပ်မပျော်ရင် –

 

အိပ်ရာထဲကထွက်ပြီး သီချင်းအေးအေးလေးတွေ နားထောင်ကြည့်ပါ။

အိပ်ရာမဝင်ခင်မှာ မျက်နှာသစ်၊သွားတိုက်၊ ခြေလက်ဆေးပါ။ ခပ်နွေးနွေးရှိနေတဲ့ နို့ (သို့မဟုတ်) ရေနွေးဖြူတစ်ခွက်လောက်သောက်ပါ။ (၁)နာရီလောက်အလိုကတည်းက အလုပ်အကြောင်းမစဉ်းစားပဲ ဖုန်း/Laptop တွေကို မကြည့်ပါနဲ့။ ဖုန်းကိုအိပ်ရာနဲ့ အဝေးဆုံးမှာထားပါ။ မနက်တိုင်း အကြောလျှော့လေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။

 

Hopeless ဖြစ်ပြီး လမ်းပျောက်နေရင် –

 

ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ (ဖေ့စ်ဘုတ်/အင်စတာဂရမ်) ကြည့်ချိန်တွေကို လျှော့ချပါ။ အဲ့နေရာတွေမှာက မိမိအဆင်ပြေနေကြောင်း ကြွားဝါတတ်သူတွေကိုသာ အများဆုံးတွေ့နေရတာဖြစ်လို့ ကိုယ့်ကိုပိုပြီး လမ်းပျောက်စေပါတယ်။ လက်တွေ့ကျကျနဲ့ ကိုယ့်ဘေးနားကို စောင်းငဲ့ကြည့်လိုက်ရင်တော့ ပတ်ဝန်းကျင်မှာ ကိုယ့်လိုအဆင်မပြေတဲ့လူတွေ အများကြီးရှိနေပါသေးလားဆိုတာကို သတိပြုမိသွားမှာပါ။ ကိုယ့်ထက်ဗဟုသုတကြွယ်ဝပြီး ကိုယ့်ကိုအကြံကောင်းပေးနိုင်မယ့်သူတွေနဲ့ ဖွင့်ဟတိုင်ပင်ပါ။ စိတ်အေးအေးထားပြီး သူတို့ပေးတဲ့အကြံဉာဏ်ကောင်းတွေနဲ့အတူ ကိုယ်ဘာအကျွမ်းကျင်ဆုံးလည်းဆိုတာကို သေချာသုံးသပ်ပြီး သင့်တော်မယ့်လမ်းတစ်ခုခုကို ရွေးချယ်ပြီးပြန်လျှောက်နိုင်အောင် ကြိုးစားကြည့်ပါ။

 

ခံစားချက်တွေထုံထိုင်းလာရင် –

 

မိမိပတ်ဝန်းကျင်က ဖြစ်ပျက်ကြုံတွေ့နေရတာတွေအပေါ်မှာ ဘာမှအရေးမကြီးတော့သလိုဖြစ်နေပြီဆိုရင်တော့ ခံစားချက်တွေ ထုံထိုင်းလာနေပါပြီ။

ဒီလိုဖြစ်လာပြီဆို အိပ်ရေးဝဝအိပ်ပြီး အနားယူပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး ကိုယ်ခံစားနေရတာတွေကိုဖွင့်ပြောပါ။ ဆေးလိပ်၊အရက်တွေကို  လျှော့သောက်ပါ။ အိမ်အလုပ်တွေကို ဝိုင်းကူလုပ်ပါ။ အကောင်းမြင်စိတ်တွေမွေးပြီး အခြားသူများကို တတ်နိုင်သလောက်ကူညီပေးပါ။ လိုအပ်လာရင်တော့ စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး အကူအညီကို ရယူကြည့်ပါ။

 

စိတ်ညစ်တာပဲဖြစ်ဖြစ် စိတ်ပျော်တာပဲဖြစ်ဖြစ် အမြဲထာဝရဖြစ်မနေနိုင်ပါဘူး။ အချိန်တစ်ခုရောက်ရင် ပြီးဆုံးသွားလိုက်၊ နောက်ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတတ်တယ်ဆိုတာကိုသတိထားမိလိုက်ရင် စိတ်ဒါဏ်ရာတွေကို တော်တော်သက်သာစေပါတယ်။

 

ထရူးမန်းနီးမိတ်ဆွေများအားလုံး ‘စိတ်’ဒဏ်ရာတွေမှကင်းဝေးပြီး  ကိုယ့်အသိုင်းအဝိုင်းအတွက် အကျိုးရှိတာတွေကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ကြသူတွေ ဖြစ်ကြပါစေ။

စိတ်ညစ်မှုတွေရှိနေနိုင်တဲ့ ကိုယ့်ရဲ့မိတ်ဆွေတွေ ဖတ်လို့ရအောင်လည်း ဒီဆောင်းပါးလေးကို ရှယ်ပေးထားလိုက်ပါ။

Other Articles

Articles
Articles
Activities