သီတင်းကျွတ် အကြံပေး (ငွေကို သေချာသုံးစွဲမှ လှူတန်းရာမှာ စနစ်ကျ )

Articles
7 October, 2022

သီတင်းကျွတ် လှူတန်း၊သုံးစွဲတဲ့အခါမှာ  ငွေကြေးကို အကျိုးရှိစွာအသုံးပြုနိုင်ဖို့ TrueMoney က အကြံပြုချက်အချို့ကို တင်ပြပေးလိုက်ပါတယ်။ ဝါလကင်းလွတ်သီတင်းကျွတ်တော့မှာမို့ လှူတန်းရ၊ ဂါရဝပြုရ၊ မုန့်ဖိုးပေးရမယ့်ကာလမှာ အပိုမကုန်သင့်တာတွေ မကုန်ရအောင် ဝင်ငွေ/ထွက်ငွေကို စနစ်တကျစီမံခန့်ခွဲတတ်ဖို့က မိသားစုဝင်တိုင်းအတွက် အရေးကြီးလာပါပြီ။ သီတင်းကျွတ်နောက်ပိုင်း တန်ဆောင်တိုင်၊ ခရစ္စမတ်၊ New Year ပွဲဆက်တွေရှိနေတာကိုလည်း ထည့်သွင်းစဉ်းစားထားရပါမယ်။ ဟုတ်ပြီ။ ဘယ်လို စီမံခန့်ခွဲမလဲ။

 

ပထမဆုံးအနေနဲ့ ဘယ်နေရာတွေမှာ သုံးဖို့လိုမလဲ ဆိုတာကို စာရွက်လွတ်(၁)ခုမှာ ချရေးပါ။

 

– ကန်တော့ရမယ့်သူတွေ စာရင်းပြုစုမယ်။

ဥပမာ- နှစ်ဘက် ဘိုးဘွားမိဘ၊ ကိုယ့်ဆရာသမား၊ သားသမီးရဲ့ဆရာသမား  စတာတွေကို ရေးချပါ။ ပြီးရင်တော့ အားလုံးနဲ့အဆင်ပြေမယ့် ပစ္စည်း(၁)မျိုးကို စဉ်းစားပါ။ အဲ့ပစ္စည်း(၁)မျိုးကိုပဲ အရေအတွက်များများဝယ်ရင် သက်သာမယ့်နေရာမှာ ကြိုတင်ဝယ်ယူထားပါ။ ကိုယ်တိုင် ပါကင်လှလှလေး ထုတ်ပိုးလိုက်ရင်တော့ ဂါရဝပြုစရာလက်ဆောင်လှလှလေး ရပါပြီ။

(* နောက်ဆုံးဘာမှ မတတ်နိုင်ရင်လည်း တစ်နှစ်လုံးမှာ ကံ(၃)ပါးနဲ့ ပြစ်မှားမိခဲ့တာတွေကို ဝန်ချတောင်းပန်လိုက်ပါ )

 

– သီတင်းကျွတ် အိမ်မှာ’မီး’အလှဆင်မယ်။

ဒါကတော့ မြန်မာလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု့ ဓလေ့ဖြစ်လို့ မဖြစ်မနေ ပြုလုပ်ကြမှာပါ။ ပြီးခဲ့တဲ့နှစ်တွေက အသုံးပြုခဲ့တဲ့ မီးပုံးတွေ၊ အလှဆင်မီးတွေကို ပြန်အသုံးပြုနိုင်ရင် ပိုကောင်းပါတယ်။ အသစ်ဝယ်ထားရင်လည်း နောက်လာမယ့်နှစ်တွေမှာပါ အသုံးပြုနိုင်အောင် သေချာသိမ်းဆည်းပါ။ အဖိုးအခနည်းနည်း နဲ့ ဘယ်လို မီးအလှဆင်နိုင်မလဲဆိုတာကို စဉ်းစားပါ။ ကလေးတွေနဲ့အတူ မိသားစုအတွက် ပျော်စရာလည်းဖြစ်အောင် မီးပုံးလေးတွေကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။

အလွယ်တကူ မီးပုံးဖန်တီးနိုင်မယ့် နည်းလမ်းတွေကို ဒီလင့်ခ်မှာကြည့်ပါ။

မီးပုံး Link – https://bit.ly/3M0Wbar 

(*မီးထွန်းတဲ့အခါမှာ အန္တရာယ်ကင်းစေရန်အတွက်  ကလေးတွေအနားမှာ အနည်းဆုံးလူကြီးတစ်ယောက်ယောက် အမြဲရှိနေစေဖို့တော့ အထူးသတိပြုစေချင်ပါတယ်)

 

– ကလေးတွေကို ‘မုန့်ဖိုး’ပေးမယ်။

ကိုယ့်သားသမီးတွေနဲ့အတူ ဘယ်ကလေးတွေကို ဘယ်လောက် မုန့်ဖိုးပေးမယ်ဆိုတာကို ကိုယ့်ဘတ်ဂျက်ပေါ်မူတည်ပြီး ကြိုတင်စဉ်းစားထားပါ။ (၅၀၀) တန် (၁,၀၀၀) တန်လေးတွေကိုလည်း ကြိုတင် လဲလှယ်ထားရင် ပိုကောင်းပါတယ်။ ကလေးတွေဟာ ပိုက်ဆံထက် မုန့်ရရင် ပိုပျော်တတ်တာမို့ မုန့်လေးတွေဝယ်ထားပြီးပေးတဲ့ အိုင်ဒီယာဟာလည်း အသုံးဝင်ပါတယ်။

 

– အလှူတစ်ခုခုလုပ်မယ်။

အလှူတစ်ခုသေချာလုပ်ဖြစ်မယ်ဆိုတာ ကျိန်းသေရင်တော့ လိုအပ်တဲ့ပစ္စည်းတွေကို တတ်နိုင်သမျှစောစော ကြိုတင်ဝယ်ယူပါလို့ အကြံပြုပါရစေ။ နီးမှဝယ်မယ်ဆို ပစ္စည်းဝယ်မရတဲ့အခက်အခဲမျိုး ရှိနိုင်သလို ၊ ဈေးကြီးပေးရတာမျိုးလည်း ကြုံရတတ်ပါတယ်။

 

– မင်္ဂလာဆောင်တွေ လာတော့မယ်။

ဝါကျွတ်ပြီမို့ ဒါတွေလာပါတော့မယ်။ ပစ္စည်းဝယ်သင့်တယ်ဆို ကြိုဝယ်ထားပါ။ လက်ဖွဲနိုင်မယ့် ငွေပမာဏကိုလည်း ကြိုတင်စဉ်းစားထားသင့်ပါတယ်။ ကိုယ်မတတ်နိုင်တာကို ဒုက္ခခံပြီးမပေးမိဖို့ကတော့ အရေးကြီးပါတယ်။

 

– ပိတ်ရက်တွေ အိမ်မှာနေမယ်။

အချို့တွေကတော့ သီတင်းကျွတ်မှာ ဘယ်မှာမသွားဘဲ အိမ်တွင်းအောင်းတတ်ကြပါတယ်။ စာဖတ်မယ်ဆို စာအုပ်ကြိုရှာတာတွေ၊ ရုပ်ရှင်ကြိုက်ရင် ကြည့်ရမယ့်ရုပ်ရှင်စာရင်းတွေ၊ အဲ့ကာလမှာ အိမ်မှာစားဖို့အတွက် ကြိုဝယ်သင့်တာတွေကို ပြင်ဆင်ထားသင့်ပါတယ်။

 

ဒီလိုမျိုးတွေ ချရေးပြီးရင်တော့ ကိုယ့်ရဲ့ဝင်ငွေထဲကနေမှ ဘယ်လောက်ရာခိုင်နှုန်းလောက် သုံးနိုင်မလဲဆိုတာကို စဉ်းစားပြီး ဆုံးဖြတ်ချက်ချပါ။ ဒီနေရာမှာ ဒါတွေအပြင် ကိုယ့်ရဲ့ လစဉ်အိမ်သုံးစရိတ်တွေ၊ ကလေးကျောင်းလခ၊ လစဉ်ပုံမှန်သောက်ရမယ် ဆေးဖိုး စတာတွေကို စနစ်တကျဖယ်ပြီးမှ သုံးပါလို့ အကြံပြုပါရစေ။

 

သီတင်းကျွတ်မှာ ငွေကိုစနစ်တကျ စီမံခန့်ခွဲနိုင်ပြီး လှူနိုင်၊ တန်းနိုင်၊ ပေးကမ်းနိုင်သူတွေ ဖြစ်ကြပါစေ…။

Other Articles

Articles
Articles
Articles