‘အွန်လိုင်းလိမ်လည်မှုရန်’မှ ကင်းဝေးဖို့ အကြံပြုချက်များ

Articles
1 December, 2023

မဝေးသေးတဲ့ ဆယ်စုနှစ်ကျော်ကျော်တုန်းက လူတွေဟာ ငွေသား (Cash)ကိုသာ အသုံးပြုကြတယ်။ အဲ့ဒီတုန်းကလည်း ငွေလိမ်တဲ့လူတွေ ရှိခဲ့တာပါပဲ။ ဒါပေမယ့် Cash ငွေသားဆိုတော့ လူလိမ်က ကိုယ့်အနားထိရောက်အောင်လာပြီးမှ လိမ်လည်လို့ရနိုင်တာမျိုးပါ။

ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးမှာတော့ Cash ငွေသားကို ဒီဂျစ်တယ်ငွေသားအဖြစ် အစားထိုးအသုံးပြုလာတာကို တွေ့နေ၊ကြုံနေရပါပြီ။ ကိုယ်ရစရာရှိတာတွေကို ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တွေကနေ ထည့်ပေးတာမျိုးတွေ၊ ကိုယ်ဝယ်ချင်တဲ့ အဝတ်အစား၊ အသုံးအဆောင်တွေအတွက် ငွေပေးချေတာတွေ၊ နောက်ဆုံးကော်ဖီဖိုးပေးတာကအစ၊ မီတာဆောင်တာကအဆုံး ဖုန်းထဲကနေ ခလုတ်လေးနှိပ်ရုံနဲ့ ပေးချေလို့ရနေတာတွေဟာ ဒီဂျစ်တယ်ငွေသား အသုံးပြုခြင်းရဲ့ အားသာချက်တွေပါ။

ထုံးစံအတိုင်းပါပဲ။ အရာရာဟာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိနေတတ်ပါတယ်။ ဒီဂျစ်တယ်ငွေသား ရဲ့ အားနည်းချက်တွေထဲကတစ်ခုကတော့ လိမ်ဖို့လွယ်ကူတာပါ။ သတိမထားမိရင် လူချင်းတွေ့စရာ၊ ဆုံစရာမလိုဘဲနဲ့ကို လိမ်လည်လို့ရနေတတ်ပါတယ်။ ဒါကြောင့် ထရူးမန်းနီးမိတ်ဆွေများအတွက် အွန်လိုင်းလိမ်လည်ခြင်းတွေကနေ ကင်းဝေးအောင် သတိပြုစရာအချို့ကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။

 

၁) အချက်အလက်တွေ Share ခြင်းကို ရှောင်ပါ။

ကိုယ်ပိုင်အချက်အလက်တွေ ငွေကြေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို တပါးသူများအား လုံးဝမရှယ်ပါနဲ့။ ငွေလွှဲတဲ့အခါမှာလည်း OTP လို တစ်ခါသုံးလျို့ဝှက်ကုဒ်တွေကို ငွေထုတ်မယ့်သူမှလွှဲပြီး မည်သူ့ကိုမျှပေးမသိပါနဲ့။

 

၂) ကိုယ်နဲ့မရင်းနှီးတဲ့ မက်ဆေ့ချ်တွေကို မဖတ်ပါနဲ့။

ဒါကတော့ ရှင်းပါတယ်။ ကိုယ်နဲ့မရင်းနှီးတဲ့ ဖုန်းနံပါတ်တစ်ခုခုကနေ မက်ဆေ့ချ်ဝင်လာရင် ဖွင့်မဖတ်ပါနဲ့။ ဖြစ်နိုင်ရင် Deleted လုပ်ပစ်လိုက်ပါ။ 

 

၃) ကိုယ်မသိတဲ့ အက်ပလီကေးရှင်းတွေကို ဒေါင်းလုတ်မလုပ်ပါနဲ့။

ငွေကြေးလိမ်လည်သူတွေဟာ ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာတွေမှာ ပေ့ချ်တွေထောင်ပြီး အက်ပလီကေးရှင်းတွေ ရှယ်တတ်ပါတယ်။ ဒါကို ဒေါင်းလုတ်လုပ်မိရင်တော့ အဲ့ကနေတစ်ဆင့် ကိုယ့်ဖုန်းထဲက ဘဏ်အကောင့်တွေ၊ မိုဘိုင်းပိုက်ဆံအိတ်တွေထဲက ဒီဂျစ်တယ်ငွေကြေးကို ခိုးယူသွားနိုင်ပါတယ်။

 

၄) Device တွေကို lock ချပါ။

ကိုယ်အသုံးပြုနေတဲ့ ဖုန်း၊ ကွန်ပြုတာ စတဲ့ Device တွေကို Lock အမြဲချပါ။ ကိုယ့်ရဲ့အချက်အလက်တွေ ခိုးယူနိုင်လို့ပါ။ လူအများမသိနိုင်တဲ့ Password မျိုးကိုအသုံးပြုကာ Password အား မကြာခဏပြောင်းလဲပေးပါ။

 

၅) လာရောက်ဖြားယောင်းခြင်းကို ခွင့်မပြုပါနဲ့။

ဘယ်အရာမှ အလကားမရဘူးဆိုတာကို ပထမဆုံးသိရှိနားလည်ထားရပါမယ်။ အရာရာမှာ တန်ရာတန်ကြေး ရှိပါတယ်။ အွန်လိုင်းလူလိမ်အများစုဟာ ဒီနေရာကနေပဲ ‘စတင်ပါတယ်။ ပစ္စည်းတစ်ခုအလွန်အမင်းဈေးပေါနေပြီ၊ အလကားနီးပါးရနေပြီ၊ မဲပေါက်နေပြီ စတာတွေဟာ ကိုယ်ကိုလိမ်ဖို့ ‘စ’တင်တာတွေပါ။ 

 

၆) အွန်လိုင်းဈေးဝယ်ပြီး ငွေချေရာမှာ သတိထားပါ။

အွန်လိုင်းကနေ ဈေးဝယ်လို့ရပါတယ်။ ဒါပေမယ့်ငွေချေမယ်ဆို သတိထားပါ။ ယုံကြည်စိတ်ချရတဲ့နေရာကနေ ဝယ်တာမျိုးဆို ကိစ္စမရှိပေမယ့် အချို့တွေကတော့ ငွေကြိုချေပြီး ပစ္စည်းရောက်မလာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။

 

၇) သီးသန့်ထားပါ။

ကိုယ့်ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ (ဥပမာ – အီးမေးလ်တွေ၊ username တွေ၊ Password တွေ ) ကို သီးခြားလုံခြုံတဲ့နေရာမှာ သိမ်းဆည်းပါ။

 

၈) လျှို့ဝှက်တတ်ပါစေ။

ယနေ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ (ဖေ့စဘုတ်၊ အင်စတာဂရမ်) စတာတွေမှာ ကိုယ်ရဲ့အချက်အလက်တွေ၊ ဘယ်မှာသွားပြီး ဘာလုပ်နေတယ် စတာတွေကို (၁၀၀%) လိုက်မတင်ပါနဲ့။ အန္တရာယ်များတတ်ပါတယ်။

 

၉) ဖွင့်ပြောပါ။

အွန်လိုင်းမှ လိမ်လည်ခံခဲ့ရတယ်ဆိုရင်လည်း မိတ်ဆွေတွေကိုဖွင့်ပြောပြီး လိုအပ်ရင် ရဲတိုင်ပါ။ ကိုယ်အလိမ်ခံရတာ ဘာကြောင့်ဆိုတာကို လူများများသိပါစေ၊ ဒါမှနောက်မဖြစ်အောင် ကာကွယ်လို့ရမှာပါ။ လိမ်တော့မယ်လို့ သံသယရှိလာတဲ့အကြောင်းတွေ တွေ့လာခဲ့ရင်လည်း မိတ်ဆွေအချင်းချင်း သတိပေးပါ။

 

၁၀) ချိတ်ဆက်တဲ့ အင်တာနက်ကို သတိထားပါ။

အများပြည်သူသုံး Wifi  (ဥပမာ ကော်ဖီဆိုင်၊ ဘားဆိုင်က ) အင်တာနက်တွေနဲ့ ချိတ်ဆက်ပြီး မိမိရဲ့ ဒီဂျစ်တယ်ငွေကြေး အသုံးချမှုတွေ၊ ငွေလွှဲပေးတာ၊ ဘဏ်ကင်းလုပ်တာမျိုးတွေကို ရှောင်ပါ။ ချိတ်ဆက်တဲ့ နက်ဝပ်က မလုံခြုံတဲ့အခါ မသမာသူတွေက ကိုယ်ရဲ့ဘဏ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ခိုးယူသွားနိုင်ပါတယ်။

အဲ့လိုအချိန်ဆို ကိုယ်ပိုင်ဒေတာကို အသုံးပြုခြင်းက အကောင်းဆုံးပါ။

အထက်ဖော်ပြပါ အကြောင်းတွေအပြင် ကာကွယ်နိုင်မယ့် အခြားနည်းလမ်းတွေလည်း အများကြီးရှိနေနိုင်ပါသေးတယ်။ ကိုယ်သိခဲ့ရင်လည်း မိတ်ဆွေတွေကို မျှဝေပေးခဲ့ပါ။ 

အထူးသဖြင့် နည်းပညာနဲ့နီးစပ်တဲ့လူငယ်တွေကလည်း ပတ်ဝန်းကျင်ရှိ လူကြီးတွေကို အွန်လိုင်းလိမ်လည်မှုတွေကနေ ကင်းဝေးအောင် ကာကွယ်နိုင်သလောက် ကာကွယ်ပေးသင့်ပါတယ်။ ဆိုင်ဘာအင်တာနက်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ ဆောင်ရန်၊ရှောင်ရန်တွေကို ဆွေးနွေးပြောပြကြရပါမယ်။

ထရူးမန်းနီး မိတ်ဆွေများနဲ့ မိသားစုဝင်များအားလုံး အွန်လိုင်းလိမ်လည်မှုတွေမှ ကင်းဝေးကြပါစေ၊ တစ်ဦးကိုတစ်ဦးလည်း အပြန်အလှန်ကူညီ စောင့်ရှောက်နိုင်ကြပါစေ။

Other Articles

Articles
Articles
Articles