‘ရည်မှန်းချက်အသစ်တွေ’ တွေး… လာမယ့်နှစ်သစ် ၂၀၂၄

Articles
29 December, 2023

‘နှစ်သစ်’ကူးတော့မယ်။

ပြီးခဲ့တဲ့နှစ်မှာ ထားခဲ့တဲ့ရည်ရွယ်ချက်တွေ ဘယ်အတိုင်းအတာထိ အောင်မြင်ခဲ့လဲ။ မပြီးမြောက်ခဲ့တာတွေက ဘာတွေရှိမလဲ။ ဘာကြောင့်လဲ စတာတွေကို သုံးသပ်ချင့်ချိန်ရမယ့်ကာလကို ပြန်လည်ရောက်ရှိလာပါပြီ။

ဘဝမှာအောင်မြင်အောင် ကြိုးစားကြသူအများစုဟာ နှစ်တစ်နှစ်ကူးပြောင်းတိုင်း ‘ရည်မှန်းချက်အသစ်’တွေ ချတတ်သလို အောင်မြင်အောင်လည်း စနစ်တကျနဲ့ အကောင်အထည်ဖော်တတ်ကြပါတယ်။

လူတစ်ဦးတစ်ယောက်တည်းမှ မဟုတ်ပါဘူး၊ အောင်မြင်နေတဲ့ကုမ္ပဏီပေါင်းများစွာဟာလည်း လာမယ့်နှစ်သစ်အတွက် အရောင်းမြှင့်တင်ရေး ၊ ပစ္စည်းအမျိုးအမည်သစ်တွေ ထုတ်လုပ်ရေး စတဲ့ ရည်မှန်းချက်ပေါင်းများစွာကို ချမှတ်ပြီး အကောင်အထည်ဖော်ကြပါတယ်။

ဘာကြောင့် နှစ်သစ်ရည်မှန်းချက်ချသင့်လဲဆိုရင်တော့ တစ်နှစ်ထက်တစ်နှစ် ပိုပြီးကောင်းတဲ့သူ၊ ပိုပြီးတိုးတက်တဲ့သူ ဖြစ်အောင်လို့ပါ။

နှစ်သစ်ရည်မှန်းချက်ချရာမှာ အရေးကြီးဆုံးအချက်တစ်ချက်ကတော့ ကိုယ်မဖြစ်နိုင်တာတွေကို ရည်မှန်းလို့မရပါဘူး။ ဥပမာ- ပုံမှန်လစာလောက်ပဲဝင်ငွေရှိတဲ့သူက နှစ်ကုန်ရင် ဘီလျံနာကြီးဖြစ်ရမယ် ဆိုတာမျိုးမလုပ်သင့်ပါဘူး။ အနီးစပ်ဆုံး ကြိုးစားလို့ရနိုင်တာမျိုးကိုသာ နှစ်သစ်ရည်မှန်းချက်အနေနဲ့ ချမှတ်ပါလို့ တိုက်တွန်းချင်ပါတယ်။

ဒါကြောင့် အခုတစ်ခေါက်မှာတော့ ထရူးမန်းနီးမိတ်ဆွေများအတွက် ၂၀၂၄ မှာ လိုက်လုပ်ဖို့လည်းလွယ်ကူမယ်၊ ကိုယ့်အတွက်လည်းတကယ်အကျိုးရှိစေမယ့် နှစ်သစ်ရည်မှန်းချက်တချို့ကို ရှာဖွေတင်ပြပေးသွားပါမယ်။

 

၁). ဗဟုသုတရအောင် စာဖတ်မယ်။

လုပ်ငန်းနယ်ပယ်နဲ့ သက်ဆိုင်တဲ့ စာအုပ်တွေဖတ်ခြင်းက လုပ်ငန်းခွင်အတွင်းမှာ အောင်မြင်မှုတွေရအောင် အထောက်အကူဖြစ်စေပါတယ်။ အခြား ဗဟုသုတရစေတဲ့ စာအုပ်တွေဖတ်ခြင်းကနေလည်း စိတ်အပန်းပြေခြင်း၊ ဝေါဟာရကြွယ်ဝခြင်း၊ သိမြင်နိုင်စွမ်းမြင့်မားခြင်း စတဲ့ ကောင်းကျိုးများစွာပေးတာကြောင့် “၂၀၂၄ မှာ စာဘယ်နှစ်အုပ်ပြီးအောင် ဖတ်မယ်”ဆိုတဲ့ နှစ်သစ်ရည်မှန်းချက်နဲ့ ‘စ’တင်လို့ရပါတယ်။

 

၂). စိတ်ကျန်းမာဖို့ ဝေဖန်တာတွေကို လျှော့ချမယ်။

ဒီနေရာမှာ သူများကိုဝေဖန်တာရော၊ ကိုယ့်ကိုယ်ကို ဝေဖန်တာရော (၂)မျိုးစလုံးပါပါတယ်။ သူများကိုဝေဖန်ခြင်းဆိုတာ ကိုယ်ကသူတစ်ပါးအတွက် စဉ်းစားပေးနေရသလို ဖြစ်တာကြောင့် အချိန်ကုန်ပါတယ်။ ကိုယ့်ကိုယ်ကိုဝေဖန်တာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အားနည်းချက်ကို ဘယ်လိုပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ လိုက်နာလုပ်ဆောင်ရမယ့်အချက်တွေပါလာမှသာ ပိုမိုပြည့်စုံပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ဝေဖန်တာသီးသန့်ချည်းပဲ ဆိုရင်တော့ ကြာလာရင် မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ ရလာနိုင်ပါတယ်။

 

၃). အစားအသောက်ဆင်ခြင်ပြီး ကျန်းမာအောင် နေမယ်။

ခန္ဓာကိုယ်ကျန်းမာရေးအတွက် နေ့စဉ်စားသောက်မှုပုံစံက အရေးကြီးပါတယ်။ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်၊ ပရိုတိန်းဓာတ်ပါတဲ့ အသား၊ ပဲ၊ အာလူး၊ အရည်ရွမ်းတဲ့သစ်သီး  စတာတွေဟာ အစာအိမ်အူလမ်းကြောင်းကနေ စပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာပြီးအကျိုးရှိစေပါတယ်။ ဒီအချက်က မိတ်ဆွေရဲ့ ၂၀၂၄ ရည်မှန်းချက်မှာ ပါတယ်ဆိုရင်တော့ သကြားကို လျှော့စားစေချင်ပါတယ်။

 

၄). သစ်ပင်စိုက်မယ်။

ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ငဲ့ကြည့်လိုက်မယ်ဆို တစ်နှစ်ထက်တစ်နှစ် ပိုပြီးပူလာတာကို ခံစားမိမှာပါ။ စိမ်းစိုအေးမြတဲ့အရိပ်ကြောင့် အအေးဓာတ်ကိုပိုရနိုင်သလို လေကောင်းလေသန့်လည်း ရစေတာကြောင့် ‘သစ်ပင်စိုက်မယ်’ဆိုတာဟာ အင်မတန်ကောင်းမွန်တဲ့ ရည်ရွယ်ချက်ပါ။

 

၅). မိတ်သစ်ဆွေသစ်တွေဖွဲ့ရင်း အခွင့်အလမ်းသစ်တွေ ရှာမယ်

လူ့ဘောင်အသိုင်းအဝိုင်းမှာ မိတ်ဆွေကောင်းတွေမရှိရင် ဘဝကိုတက်လှမ်းရတာ ခက်ခဲပါတယ်။ ကိုယ့်ဘေးမှာ အကြံဥာဏ်ကောင်းပေးမယ့်မိတ်ဆွေတွေနည်းရင် အောင်မြင်ဖို့ ခက်ခဲပါတယ်။ ကိုယ်တစ်ယောက်တည်းတော်နေလို့ မပြည့်စုံဘဲ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း တော်လာအောင် ကြိုးစားရမှာပါ။ ကိုယ့်အလုပ်နဲ့ ဆက်စပ်နယ်ပယ်က လူတွေနဲ့ စကားပြောကြည့်ပါ။ ဆွေးနွေးပြီး အတွေ့အကြုံတွေဖလှယ်ပါ။

ဒါကြောင့် ဆိုရှယ်မီဒီယာတွေမှာ အချိန်ကုန်ခံမနေပါနဲ့။ လက်တွေ့ဘဝမှာ မိတ်ဆွေကောင်းတွေရအောင် ရည်မှန်းချက်ထားရပါမယ်။

 

၆). မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့ များများဆုံနိုင်အောင် ကြိုးစားမယ်

တစ်နေ့နဲ့တစ်နေ့ အလုပ်သွားလိုက်၊ စီးပွားရှာလိုက်နဲ့ လုံးပန်းနေရတာကြောင့် မိသားစုနဲ့ဖြစ်စေ မိတ်ဆွေတွေနဲ့ဖြစ်စေ အမှတ်တရအချိန်တွေကို မတည်ဆောက်မိဘူး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ အခုပဲ ဆုံနိုင်မယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုက်ပါ။ မိသားစုနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေကြားမှာ ကြည်နူးစရာ အချိန်ကောင်းလေးတွေ ဖြစ်အောင် ကြိုးစားဖန်တီးလိုက်ပါ။

 

၇). ဆိုရှယ်မီဒီယာကြည့်ချိန်တွေ လျှော့ချမယ်

ဒါကတော့ ရိုးရှင်းပါတယ်။ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့စဘုတ်၊ အင်စတာဂရမ် ကြည့်ချိန်တွေကိုလျှော့ချပြီး မိမိရဲ့လက်တွေ့ဘဝကို အချိန်ပိုပေးမယ့် ရည်မှန်းချက်ပါ။

 

၈). တရားထိုင် ကျင့်မယ်

လူငယ်တော်တော်များများက တရားထိုင်တာဟာ လူကြီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်တတ်ကြပါတယ်။ အမှန်ကတော့ တရားထိုင်ခြင်းဟာ ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းစေတာကြောင့် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ လူမျိုး၊ ဘာသာမခြားဘဲ အသက်အရွယ်ပေါင်းစုံအားလုံး လေ့လာသင်ယူပြီး လက်တွေ့ကျင့်သုံးနေကြပါပြီ။ သွေးပေါင်ချိန်မှန်စေခြင်း၊ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုတွေကို သက်သာစေတဲ့အကျိုးကျေးဇူးရမယ့် ရည်မှန်းချက်ပါ။

 

၉). ခရီးထွက်မယ်

ခရီးဝေးဝေး ရက်ရှည်ရှည် မသွားဖြစ်ရင်တောင် ကိုယ်နေထိုင်ရာမြို့အနီးအနားကို နေ့ချင်းပြန်ခရီးမျိုးထွက်လို့ရပါတယ်။ တတ်နိုင်ရင်တော့ မရောက်ဖူးသေးတဲ့ နေရာလေးတွေ၊ ဖုန်းပါပိတ်ပြီး အနားယူလို့ရတဲ့ ခရီးစဉ်မျိုးကိုသွားဖို့ ရည်ရွယ်ချက်ထားပါ။

 

၁၀). အတတ်ပညာအသစ်တစ်ခုခုကို သင်ယူမယ်

အတတ်ပညာများများ လုပ်တတ်နေခြင်းဟာ ကိုယ့်အတွက် အချည်းနှီးမဖြစ်စေပါဘူး။ ဒါကြောင့် ဟင်းချက်ခြင်း၊ ပန်းချီဆွဲခြင်းလို အတတ်ပညာရပ်တွေကနေစလို့ ကမ္ဘာမှာအသုံးများနေတဲ့ အင်္ဂလိပ်စကား၊ တရုတ်စကားလို ဘာသာစကားတစ်မျိုးမျိုးကို လေ့လာသင်ယူရင်း ကိုယ့်ဘဝအတွက် အခွင့်အလမ်းကောင်းတွေကို ဖန်တီးရယူလိုက်ပါ။

 

၁၁). ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူမယ်

အိပ်ရေးဝဝအိပ်ခြင်းက ခန္ဓာကိုယ်ကို နုပျိုစေပါတယ်။ ဒါကြောင့် ‘အိပ်စက်အနားယူမယ်’ဆိုတဲ့ ရည်ရွယ်ချက်မျိုးကိုတော့ လူအများစုကြိုက်နှစ်သက်ပါလိမ့်မယ်။

ဒီနေရာမှာ ညလုံးပေါက် ဂိမ်းနှိပ်ပြီး နောက်တစ်နေ့ နေ့လည်မှ အိပ်ရာထတာမျိုးကို မဆိုလိုပါဘူး။ အလုပ်နားရက်တွေမှာ ပုံမှန်အိပ်ချိန်ထက် (၂)နာရီလောက်ပိုအိပ်နိုင်ပါက တစ်နှစ်ပတ်လုံးအတွက်ဆို အိပ်ချိန် နာရီ(၁၀၀)ကျော် ပိုထွက်လာပါလိမ့်မယ်။ 

အထက်မှာဖော်ပြခဲ့တဲ့ နှစ်သစ်ရည်မှန်းချက်တွေကတော့ ကိုယ်စိတ်ကျန်းမာရေး၊ ဗဟုသုတရစရာ၊ ပတ်ဝန်းကျင်ကို အကျိုးပြုစရာတွေဖြစ်စေမယ့် ရည်မှန်းချက်တွေဖြစ်ပြီး ထရူးမန်းနီးမိတ်ဆွေအတွက် ဘဝအောင်မြင်မှုကိုအဆင့်တက်လှမ်းစေမယ့် လှေကားထစ်တွေလည်း ဖြစ်ပါတယ်။

ကောင်းမွန်ပြည့်စုံတဲ့ နှစ်သစ်ရည်မှန်းချက်များကို ချမှတ်နိုင်ပြီး အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ကြပါစေ။

 

ကိုးကား – www.wildsimplejoy.com 

Other Articles

Articles
Articles
Articles