Credit Card တွေ ဘယ်လိုစတင်ပေါ်ပေါက်လာခဲ့လဲ?
Credit Card တွေ ဘယ်လိုစတင်ပေါ်ပေါက်လာခဲ့လဲ?
ဒီနေ့ခေတ်မှာ ဈေးဝယ်တဲ့အခါ၊ စားသောက်ဆိုင်တွေမှာ ငွေပေးချေတဲ့အခါ ဒါမှမဟုတ် Online ကနေ ပစ္စည်းမှာယူတဲ့အခါ Credit Card ကို အသုံးပြုသူတွေ အများကြီးရှိပါတယ်။ လက်ထဲမှာ ငွေသားအများကြီး ဆောင်ထားစရာမလိုဘဲ လွယ်ကူအဆင်ပြေစွာ ငွေပေးချေနိုင်တာက Credit Card ရဲ့ အားသာချက်တစ်ခုပါ။
ဒါပေမဲ့ ယနေ့ခေတ်လို Credit Card တွေ မပေါ်ပေါက်ခင်မှာ လူတွေဟာ ဘယ်လိုနည်းလမ်းတွေနဲ့ ငွေပေးချေခဲ့ကြသလဲ။ Credit Card ဆိုတဲ့ စိတ်ကူးကရော ဘယ်ကနေ စတင်ခဲ့တာလဲ?
Credit Card ရဲ့ အစပြုရာ
Credit Card တွေရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုရင် ၂၀ ရာစုအစောပိုင်းကတည်းက စတိုးဆိုင်တွေနဲ့ လုပ်ငန်းအချို့မှာ ပုံမှန်ဖောက်သည်တွေကို နောက်မှငွေချေနိုင်တဲ့ Credit Account စနစ်တွေ ပေးအပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကတ်တွေကို သတ်မှတ်ထားတဲ့ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် လုပ်ငန်းတစ်ခုမှာသာ အသုံးပြုနိုင်တာများပါတယ်။
ဒီလိုစနစ်တွေကနေ နေရာအမျိုးမျိုးမှာ ကတ်တစ်ကတ်တည်းနဲ့ ငွေပေးချေနိုင်မယ့် စနစ်တစ်ခု ပေါ်ပေါက်လာဖို့ အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပါတယ်။
ပိုမိုကျယ်ပြန့်တဲ့ ကတ်တစ်ကတ်ဖြစ်လာစေခဲ့တဲ့ ဖြစ်ရပ်
Credit Card သမိုင်းကြောင်းမှာ မကြာခဏ ဖော်ပြလေ့ရှိတဲ့ စိတ်ဝင်စားစရာဖြစ်ရပ်တစ်ခုကတော့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Frank McNamara နဲ့ သက်ဆိုင်ပါတယ်။
၁၉၄၉ ခုနှစ်မှာ New York မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ ဧည့်သည်တွေနဲ့အတူ စားသောက်နေစဉ် ငွေပေးချေဖို့အတွက် ပိုက်ဆံအိတ်ယူလာဖို့ မေ့နေခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းက လူသိများပါတယ်။
ဒီအတွေ့အကြုံကနေ ငွေသားအမြဲဆောင်ထားစရာမလိုဘဲ နေရာအမျိုးမျိုးမှာ ကတ်တစ်ကတ်တည်းနဲ့ ငွေပေးချေနိုင်မယ့် စိတ်ကူးတစ်ခု ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ခဲ့ရာကနေ ၁၉၅၀ ခုနှစ်မှာ Diners Club Card ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီကတ်ဟာ စားသောက်ဆိုင်အမျိုးမျိုးမှာ အသုံးပြုနိုင်တဲ့ အစောပိုင်း Multi-purpose Charge Card တွေထဲက တစ်ခုဖြစ်ပြီး Credit Card သမိုင်းမှာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ မှတ်သားစရာတစ်ခုကတော့ အစောပိုင်း Diners Club Card ဟာ ယနေ့ခေတ် Credit Card တွေနဲ့ အတိအကျတူညီတာမဟုတ်ဘဲ လကုန်မှာ အသုံးပြုထားတဲ့ ငွေကို ပြန်လည်ပေးချေရတဲ့ Charge Card စနစ်ဖြစ်ပါတယ်။
ဘဏ်တွေက Credit Card လုပ်ငန်းထဲကို ဝင်ရောက်လာခြင်း
Diners Club ရဲ့ အောင်မြင်မှုနောက်ပိုင်းမှာ Credit Card စနစ်ဟာ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ဘဏ်တွေကလည်း ဒီလုပ်ငန်းမှာ ပါဝင်လာကြပါတယ်။
၁၉၅၈ ခုနှစ်မှာ Bank of America က BankAmericard ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီကတ်ဟာ ဘဏ်က ထုတ်ပေးတဲ့ Credit Card စနစ် ဖွံ့ဖြိုးတိုးတက်လာမှုမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ Visa အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
၁၉၆၆ ခုနှစ်မှာတော့ Interbank Card Association ကို ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာ Mastercard ဖြစ်လာမယ့် ကတ်ကွန်ရက်ရဲ့ အခြေခံဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့ Credit Card တွေဟာ စားသောက်ဆိုင်နဲ့ သတ်မှတ်ထားတဲ့ ဆိုင်အချို့မှာသာ အသုံးပြုနိုင်တဲ့ ကတ်တွေကနေ ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံတကာငွေပေးချေမှုကွန်ရက်တွေ ချိတ်ဆက်ထားတဲ့ စနစ်တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။
စက္ကူကတ်တွေကနေ ခေတ်မီ Credit Card တွေအထိ
အစောပိုင်းကတ်တွေဟာ ယနေ့ခေတ်လို Plastic Card တွေမဟုတ်ဘဲ စက္ကူနဲ့ ပြုလုပ်ထားတဲ့ ကတ်တွေလည်း ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပိုမိုအသုံးဝင်ပြီး လုံခြုံစိတ်ချရတဲ့ ကတ်စနစ်တွေ ဖွံ့ဖြိုးလာခဲ့ပါတယ်။
နည်းပညာတိုးတက်လာတာနဲ့အမျှ Credit Card တွေမှာ
- Magnetic Stripe – ကတ်အချက်အလက်တွေကို ဖတ်ရှုနိုင်တဲ့ စနစ်
- EMV Chip – ငွေပေးချေမှုလုံခြုံရေးကို ပိုမိုကောင်းမွန်စေတဲ့ Chip နည်းပညာ
- Contactless Payment – ကတ်ကို စက်နဲ့ ထိစရာမလိုဘဲ အနီးကပ်တို့ထိပြီး ပေးချေနိုင်တဲ့ နည်းပညာ
- Digital Wallets – ကတ်အချက်အလက်တွေကို Digital Wallet နဲ့ ချိတ်ဆက်ပြီး ဖုန်းကနေ ငွေပေးချေနိုင်တဲ့ စနစ်
စတာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီနည်းပညာတွေကြောင့် Credit Card တွေဟာ ငွေပေးချေမှုကို ပိုမိုလွယ်ကူမြန်ဆန်စေသလို လုံခြုံရေးပိုင်းမှာလည်း တိုးတက်လာခဲ့ပါတယ်။
ယနေ့ခေတ်မှာ Credit Card တွေ ဘာကြောင့် အရေးပါလာတာလဲ?
ယနေ့ Credit Card တွေဟာ ငွေပေးချေဖို့အတွက်သာမက လူတွေရဲ့ နေ့စဉ်ငွေကြေးအသုံးပြုမှုမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လာပါတယ်။
Credit Card အသုံးပြုခြင်းက ငွေပေးချေမှုကို အဆင်ပြေစေနိုင်သလို သုံးစွဲမှုမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးနိုင်ခြင်းနဲ့ ကတ်အမျိုးအစားအလိုက် Reward Points၊ Cashback စတဲ့ အကျိုးခံစားခွင့်တွေ ရရှိနိုင်ခြင်းတို့လည်း ရှိပါတယ်။
ဒါပေမဲ့ Credit Card ဆိုတာ ချေးငွေကို အသုံးပြုတဲ့ ငွေပေးချေမှုနည်းလမ်းတစ်ခုဖြစ်တာကြောင့် သတ်မှတ်ထားတဲ့ ပေးချေရမယ့်ရက်နဲ့ အတိုးနှုန်းတွေကို နားလည်ထားဖို့ အရေးကြီးပါတယ်။ မိမိရဲ့ ငွေကြေးအခြေအနေနဲ့ ကိုက်ညီအောင် အသုံးပြုနိုင်မှသာ အကျိုးရှိတဲ့ ငွေပေးချေမှုနည်းလမ်းတစ်ခု ဖြစ်လာမှာပါ။
စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ တစ်ချိန်က ငွေသားမပါလာတဲ့ အခက်အခဲကို ဖြေရှင်းဖို့ စိတ်ကူးတစ်ခုကနေ စတင်ခဲ့တဲ့ ကတ်စနစ်ဟာ ယနေ့မှာ ကမ္ဘာတစ်ဝန်း ငွေပေးချေမှုနည်းလမ်းတွေ တိုးတက်လာဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။
ကဲ…အခုဆိုရင် Credit Card စတင်ပေါ်ပေါက်လာပုံ အကြောင်းအရာများကို ဗဟုသုတအနေနဲ့ သိရှိသွားပြီ ဖြစ်ပါတယ်။
ဒီလို စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများအပြင် ငွေကြေးဆိုင်ရာ အကြောင်းအရာများကို သိရှိနိုင်ရန် TrueMoney Myanmar Page ကို Like & Follow လုပ်ဖို့ မမေ့နဲ့နော်!



