‘ရေကြီး’ပြီးနောက် ဆောင်ရန်/ရှောင်ရန်များ

Articles
16 October, 2023

ရေကြီးတဲ့ နေရာတွေမှာ ရေပြန်ကျသွားပေမယ့် အန္တရာယ်တွေကတော့ အကုန်ပြန်မကျနိုင်သေးပါဘူး။ ဒါကြောင့် ‌ရေကြီးပြီးတဲ့နောက်မှာ ဆောင်ရန်/ ရှောင်ရန် အချက်အချို့ကို ထရူးမန်းနီးက ထုတ်နုတ်တင်ပြပေးလိုက်ပါတယ်။

 

ဆောင်ရန်များ

 

ရေပြန်ကျတဲ့အချိန်မှာ အရေးကြီးဆုံးကတော့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ရန်လိုအပ်ပါတယ်။

၁) ရေကို ကျိုချက်ပြီးမှ သောက်သုံးပါ။ ရေကောင်းရေသန့်ကိုသာ သောက်သုံးသင့်ပြီး လိုအပ်ပါက ရေကို ‘ကလိုရင်း’ခတ်ပါ။

၂) ချက်ပြုတ်ရမယ့်အစားအစာတွေကို သန့်ရှင်းတဲ့ရေနဲ့ စင်အောင်ဆေးပြီးမှသာ ချက်ပြုတ်ပါ။ ချက်ပြုတ်ပြီးသားအစာအစာတွေကိုလည်း ယင်လုံအောင်ထားပါ။ ယင်နားစာ၊ မသန့်ရှင်းသောရေနဲ့ ထိတွေ့ထားတဲ့ အစားအစာတွေကို လုံးဝမစားပါနဲ့။

၃) တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လက်ကိုမကြာခဏဆေးပါ။ အစာမစားခင်နဲ့ အစားစားပြီးချိန်တွေ၊ အစားအစာပြင်ဆင်ရမယ့်အချိန်တွေ၊ အိမ်သာတက်ပြီးတဲ့အချိန်တွေမှာ လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောပါ။ ကြုံတွေ့နေရတဲ့ရာသီဥတုနဲ့ သင့်တော်ပြီး သန့်ရှင်းခြောက်သွေ့တဲ့အဝတ်အစားများကိုသာ ဝတ်ဆင်ပါ။

၄) ခြင်မကိုက်အောင် လိုက်နာရမယ့်နည်းလမ်းတွေကို လုပ်ဆောင်ပါ။

၅) မိုးလေဝသ သတင်းတွေကို မပြတ်နားထောင်ပြီး တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ထားပါ။

 

ရှောင်ရန်များ

 

၁) အောက်ခြေကိုမမြင်ရတဲ့ ရေထဲသို့ ဆင်းခြင်းကို တတ်နိုင်သလောက်ရှောင်ပါ။ ရေထဲမှာ မမြင်ရတဲ့ ပုလင်းကွဲ ၊ဖန်ကွဲ၊ မှန်ကွဲတွေနဲ့ ဆူးညှောင့်တွေ ရှိနေတတ်သလို အချို့ရေထဲမှာလည်း လျှပ်စစ်စီးနေတတ်တော့ အန္တရာယ်များတတ်လို့ပါ။

၂) ပျက်စီးသွားတဲ့ အဆောက်အဦးတွေ အိမ်တွေထဲကို အရမ်းမဝင်ပါနဲ့။ အချို့သောအိမ်များရဲ့ အောက်ခြေဟာ ရေထဲမှာ ရက်အတန်ကြာရှိခဲ့ရတဲ့အတွက် အိမ်ဆွေးပြီး ပြိုကျတတ်သလို အချို့အိမ်တွေထဲမှာ မြွေဆိုး၊ ကင်းမြီးကောက်စတာတွေ ခိုအောင်းနေတတ်တဲ့ အန္တရာယ်မျိုးတွေ ရှိတတ်ပါတယ်။

 

ရေကြီးပြီးနောက်ဖြစ်ပွားတတ်သော ရောဂါများ

 

ရေကျပြီးချိန်မှာ အောက်ပါရောဂါတွေလည်း အဖြစ်များတတ်လို့ ကျန်မာရေးကိုအထူးဂရုပြုသင့်ပါတယ်။

– တိုက်ဖွိုက်ရောဂါ (ခေါ်) အူရောင်ငန်းဖျားရောဂါ
– ကာလဝမ်းရောဂါ
– အသည်းရောင်အသားဝါ – (အေ) ရောဂါပိုး
– ခြင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါ
– ရေကြီးရေလျှံမှုကြောင့် ရေထဲမှာ အကြာကြီးပိတ်မိနေရာကနေ ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း ရောဂါ
– ပွေး၊ ဝဲ၊ မှို စတဲ့အရေပြားရောဂါများ

 

သက်ဆိုင်ရာရောဂါအလိုက် ကြိုတင်ကာကွယ်ခြင်း၊ အနေအထိုင်ဆင်ခြင်ခြင်း၊ ဆေးကြိုသောက်ခြင်းများ ပြုလုပ်ထားသင့်သလို ရောဂါများဖြစ်ပွားနေပြီဆိုပါကလည်း နီးစပ်ရာ ကယ်ဆယ်ရေးနေရာများကို အမြန်ဆုံးသွားရောက်ပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ အချို့သောရောဂါတွေဟာ အသက်အန္တရာယ်ကို ထိခိုက်တတ်လို့ပါ။

 

ရေကြီးတဲ့ဒေသမှမိတ်ဆွေများနဲ့ မိသားစုဝင်များအားလုံး အမြန်ဆုံး ဘေးအန္တရာယ်များကင်းရှင်းပြီး မူလအခြေအနေမှန်ကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ကြပါစေ။

 

ကိုးကား- City of patterson california

Other Articles

Articles
Articles
Articles