ကြိုပြင်ဆင်ပါ ‘မိုးတွင်း’အခါ

Articles
8 June, 2023

‘မိုး’တွင်းရောက်တော့မယ်။
မိုးသည်းထန်၊ မုန်တိုင်းတိုက်၊ ရေကြီး စတဲ့သဘာဝဘေးအန္တရာယ်တွေအပြင် ရောဂါပေါင်းစုံကူးစက်ဖြစ်ပွားတတ်တဲ့’မိုး’တွင်းကို ထရူးမန်းနီးမိတ်ဆွေတွေအတွက် ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်နိုင်အောင် ကြိုတင်ပြင်ဆင်ရမယ့် အချက်အလက်အချို့ကို ထရူးမန်းနီးမှ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

 

ကျန်းမာရေး

မိုးတွင်းဟာ စိုစွတ်တဲ့ရာသီဖြစ်တာနဲ့အညီ ကူးစက်ရောဂါဖြစ်ပွားနိုင်မှုအများဆုံးရာသီလည်း ဖြစ်ပါတယ်။ အဖြစ်များဆုံးရောဂါတွေကတော့ အအေးမိခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ တိုက်ဖွိုက်ဖြစ်ခြင်း၊ သွေးလွန်တုပ်ကွေး၊ ရာသီပေါ်တုပ်ကွေးဖြစ်ခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ ငှက်ဖျားဖြစ်ခြင်း၊ အစာအိမ်လမ်းကြောင်းပိုးဝင်ခြင်း စတဲ့ရောဂါတွေဖြစ်တတ်လို့ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။

ကြိုတင်ကာကွယ်ရန်-
– ကလေးငယ်တွေ အသက်အရွယ်ကြီးရင့်နေသူတွေအတွက် တတ်နိုင်ရင် ရာသီပေါ်တုပ်ကွေးကာကွယ်ဆေးထိုးပါ။
– မကြာခဏလက်ဆေးပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဦးစားပေးပါ။
– ခြင်ပေါတဲ့နေရာမှာ နေထိုင်သူတွေအတွက် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များကို ဝတ်ဆင်ပါ။ အဝတ်အစားတွေကို ခြောက်သွေ့အောင်ထားပြီးမှ မီးပူတိုက်ပြီး ဝတ်ပါ။
– ခြင်နိုင်ဆေးခရင်မ်လိမ်းခြင်း၊ ခြင်ဆေးထွန်းခြင်းတို့ကို ပြုလုပ်သင့်သလို
– အိမ်ပတ်ဝန်းကျင်မှာ ခြင်အောင်းနိုင်တဲ့ ရေရှိတဲ့နေရာတွေကို ရေစီးရေလာကောင်းအောင်ထားပါ၊ ခြုံပုတ်တွေ မြက်ရိုင်းပင်တွေကိုရှင်းပါ။

 

အစားအသောက်

အသက်ရှင်နေထိုင်ဖို့အတွက် အစားအသောက်က အရေးကြီးဆုံးဖြစ်တာကြောင့် လာမယ့် မိုးရာသီမှာ ကျန်းမာအောင် ဘယ်လိုစားသောက်နေထိုင်ကြမလဲ။

မိုးတွင်းမှာ မသန့်ရှင်းတဲ့အစားအစာ၊ မသန့်ရှင်းတဲ့ရေတွေကနေ အပေါ်မှာဖော်ပြခဲ့တဲ့ ရောဂါအများစု ဖြစ်ပွားတတ်တာကြောင့် အထူးသတိထားရပါမယ်။

ကြိုတင်ကာကွယ်ရန်-
– ခန္ဓာကိုယ်ခုခံအားကောင်းဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်တဲ့အစားအသောက်တွေကို များများစားသုံးပါ။
– မိုးတွင်းမှာ အစားအသောက်တွေကို ချက်ပြီးတာနဲ့ ပူပူနွေးနွေးစားသောက်ပါ။
– အပြင်စာတွေ၊ ယင်နားစာတွေကို ရှောင်ရှားပါ။
– အစားအစာတွေကို အစိမ်းစားတာတွေ၊ အသုပ်လုပ်စားတာတွေကို တတ်နိုင်သလောက် ရှောင်ပါ။
– အဓိကကျတဲ့ ‘ရေ’ကို (၁)ရက် သုံးလီတာလောက် သောက်သုံးရန်လိုအပ်ပါတယ်။ သန့်ရှင်းတဲ့ရေကိုသောက်ရမှာဖြစ်ပြီး လိုအပ်ရင် ကြိုချက်ပြီးမှသောက်ပါ။

 

ငွေရေးကြေးရေး

အသေချာဆုံးအချက်ကတော့ ကြိုတင်ပြင်ဆင်မှုတွေ မရှိခဲ့ရင် (သို့မဟုတ်) အားနည်းခဲ့ရင် အပေါ်ကဖော်ပြခဲ့တဲ့ ရောဂါတွေဖြစ်လာတာနဲ့ ပိုက်ဆံကုန်ပါလိမ့်မယ်။

ကြိုတင်ကာကွယ်ရန်-
– မိုးတွင်းမှာ သဘာဝဘေးအန္တရာယ်တွေ အချိန်မရွေးဖြစ်တတ်လို့ လိုအပ်လာချိန်မှာ ငွေသုံးလို့ရအောင် မလိုအပ်ဘဲ အပိုသုံးတာတွေကို ရှောင်ရှားထားပါ။ တစ်နည်းအားဖြင့် ငွေကြိုစုထားပါ။
– ကျန်းမာရေးအတွက် သုံးဖို့ငွေကို သီးသန့်ဖယ်ထားပေးပါ။
– အစားအသောက်၊ အိမ်ကမိသားစုဝင်တွေအတွက် လစဉ်ဝယ်ရတဲ့ဆေးဝါးတွေအတွက် သေသေချာချာ စာရင်းချပြီး လိုအပ်သလောက်ကိုသာဝယ်ယူပါ။
– ကျန်းမာရေးအာမခံဝယ်ယူထားနိုင်ရင် ပိုကောင်းပေမယ့်၊ တကယ်အရေးကြုံလာရင် အာမခံကိုဘယ်လိုအသုံးပြုရမလဲ၊ ဘယ်သူ့ကိုဆက်သွယ်ရမလဲဆိုတာတွေကိုတော့ ကြိုတင်ပြင်ဆင်ထားပါ။

ထရူးမန်းနီး မိတ်ဆွေများနဲ့ မိသားစုဝင်အားလုံး ကြိုကြိုတင်တင် ပြင်ပြင်ဆင်ဆင်နဲ့ ‘မိုး’ရာသီကို ကျန်းမာစွာနဲ့ အကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေ။
နောက်ဆုံးအနေနဲ့ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်တယ်ဆိုတဲ့ ဆောင်ပုဒ်လေးကိုတော့ မမေ့ပါနဲ့လို့ လက်ဆောင်ပေးခဲ့ပါရစေ။

Other Articles

Articles
Articles
Articles