ကမ္ဘာ့ ရှေးအကျဆုံး ဘဏ်(၇)ခု

Articles
21 October, 2022

လုပ်ငန်း(၁)ခု ကိုနှစ်ပေါင်း ရာနှင့်ချီပြီး အောင်မြင်ရှင်သန်အောင်  လုပ်ကိုင်နိုင်ဖို့ဆိုတာ တော်တော့်ကို မလွယ်ကူတဲ့ကိစ္စပါ။ ငွေကြေးဝန်ဆောင်မှုဖြစ်တဲ့ ဘဏ်လုပ်ငန်းတွေဆို ပိုတောင်ခက်ခဲပါသေးတယ်။ အထူးသဖြင့် စက်မှုတော်လှန်ရေးတွေ၊ ကမ္ဘာ့စီးပွားပျက်ကပ်တွေ၊ ကမ္ဘာစစ်ဖြစ်တဲ့ကာလတွေကို ဖြတ်ကျော် ရှင်သန်လာခဲ့ကြပြီး ယနေ့ထက်တိုင်လုပ်ငန်းလည်ပတ်နေတဲ့ ကမ္ဘာရှေးအကျဆုံး  ဘဏ်ကြီး (၇)ခုအကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြပေးသွားပါမယ်။

*ဒီနေရာမှာ ဘဏ်တွေရဲ့နာမည်ကို ဒေသခံအသံထွက်တွေနဲ့ မကိုက်ညီမှာ စိုးရိမ်မိလို့ မူရင်းအင်္ဂလိပ်လိုပဲ ဖော်ပြပေးသွားမှာပါ။

 

၇) Coutts

စတင်တည်ထောင်သည့်နှစ်  – ၁၆၉၂ ခုနှစ်

နေရာ    —  လန်ဒန်၊ အင်္ဂလန်

ဘဏ်ခွဲပေါင်း – (၂၈)

(၁၇)ရာစု နှောင်းပိုင်းကာလမှာ စတင်ခဲ့တဲ့ အင်္ဂလိပ်ဘဏ်တစ်ခုဖြစ်ပြီး မူလက ရွှေကုန်သည်တွေအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့တာပါ။ စကော့ဒ်လူမျိုး ပန်းထိမ်ဆရာ ရွှေကုန်သည်တစ်ယောက်ဖြစ်တဲ့ John Campbell ကစတင်တည်ထောင်ခဲ့ပြီး သူကွယ်လွန်ပြီးချိန်မှာတော့ သားစဉ်မြေးဆက် ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ မြေးတစ်ယောက်ဖြစ်တဲ့ Molly လက်ထက်မှာ ကုန်သည်ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ James နဲ့ လက်ထပ်ပြီး ဘဏ်ကို James Coutts လို့ နာမည်ပြောင်းလဲခဲ့ပါတယ်။ သက္ကရာဇ် (၂၀၀၀) လောက်ထိ Coutts ကို Royal Bank of Scotland (RBS) က ပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Union Bancaire Privée  ထံကို ဖော်ပြထားခြင်းမရှိတဲ့ ဈေးနှုန်းတစ်ခုနဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်။

 

၆) Barclays

စတင်တည်ထောင်သည့်နှစ်  – ၁၆၉၀ နိုဝင်ဘာ

နေရာ    —  လန်ဒန်၊ အင်္ဂလန်

ဘဏ်ခွဲပေါင်း – ပြည်တွင်းပြည်ပ ဘဏ်ခွဲပေါင်း (၄,၇၅၀)

အင်္ဂလိပ် ပရီမီယားလိဒ် ဘောလုံးပွဲကိုကြည့်နေကြ ပရိတ်သတ်တွေအတွက် မစိမ်းတဲ့ နာမည်တစ်ခုပါ။ Barclays အပြည်ပြည်ဆိုင်ရာဆိုင်ရာဘဏ်လုပ်ငန်းကြီးကို ရွှေကုန်သည်တွေဖြစ်တဲ့ John Freame နဲ့ Thomas Gould တို့က (၁၆၉၀) ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ (၁၇၃၆) မှာ James Barclay က စီပွားရေးမိတ်ဖက်တစ်ယောက်ဖြစ်လာခဲ့တဲ့ နောက်မှာတော့ ဘဏ်ကို ‘Barclays’ လို့ ပြောင်းလဲခေါ်တွင်ခဲ့ကာ (၁၉၀၀) ပြည့်နှစ်များတွင် နိုင်ငံတကာသို့ စီးပွားရေးချဲ့ထွင်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာမှာ ဘဏ်ခွဲအရေအတွက် ကြီးမားများပြားလာတာနဲ့အမျှ (၂၀၀၉) ခုနှစ်မှာ ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုစတဲ့ အရှုပ်တော်ပုံတွေမှာ ပါဝင်ပတ်သက်မိတာမျိုးတွေတော့ ရှိခဲ့ပါတယ်။

 

၅) Bankhaus Metzler (Metzler Bank)

စတင်တည်ထောင်သည့်နှစ်  – (၁၆၇၄) ခုနှစ်

နေရာ    —  ဖရန်ဖွတ်ခ် ၊ ဂျာမဏီ

ဘဏ်ခွဲပေါင်း – (၁၀)

အထည်အလိပ်လုပ်ငန်းတွေကြားမှာ ငွေပေးငွေချေဖို့အတွက်ရည်ရွယ်ပြီး Benjamin Metzler က (၁၆၇၄) ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Matzler က နာမည်ကြီး အထည်အလိပ်လုပ်ငန်းတစ်ခုရဲ့ စာရင်းကိုင်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီးမှ ဒီလိုငွေပေးချေတဲ့လုပ်ငန်းကို ကိုယ်ပိုင်အဖြစ်လုပ်ကိုင်ခဲ့တာပါ။ (၁၇၆၀) လောက်မှ ဘဏ်လုပ်ငန်းအဖြစ်ကို ကူးပြောင်းခဲ့ပါတယ်။ (၁၉) ရာစုအကုန်မှာတော့  Metzler ဘဏ်ဟာ စတော့ရှယ်ယာဝင်ခြင်းလုပ်ငန်းထက် လူတစ်ဦးချင်း၊ ကုမ္ပဏီတစ်ခုချင်းစီရဲ့ ငွေကြေးဝန်ဆောင်မှုကိုအကြံပေးသည့်လုပ်ငန်းအဖြစ် ဦးစားပေးလုပ်ကိုင်ပါတယ်။ ယနေ့မှာတော့ Metzler သည် ကုန်သည်ဘဏ်တစ်ခုအနေဖြင့် ရပ်တည်နေပြီး ငွေချေးစာချုပ်များတွင် ပိုင်ဆိုင်မှုမန်နေဂျာအဖြစ်လည်းကောင်း ကော်ပိုရိတ်လုပ်ငန်းကြီးများ၏ဘဏ္ဍာရေးအတိုင်ပင်ခံအဖြစ်လည်းကောင်း ငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

 

၄) C. Hoare & Co

စတင်တည်ထောင်သည့်နှစ်  – ၁၆၇၂ ခုနှစ်

နေရာ    —  လန်ဒန်၊ အင်္ဂလန်

ဘဏ်ခွဲပေါင်း – (၂)

C. Hoare & Co ကတော့ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး UK မှာတော့ ရှေးအကျဆုံးဘဏ်ဖြစ်ပါတယ်။ (၁၆၇၂) မှာ Sir Richard Hoare က စတင်တည်ထောင်ခဲ့ပြီး ဆွေစဉ်မျိုးဆက် (၁၁) ကြိမ်တိုင်အောင် ဘဏ်လုပ်ငန်းကို လက်ဆင့်ကမ်း လုပ်ကိုင်ခဲ့တာမျိုးပါ။ (၁၈) ရာစုလောက်

မှာတော့ ခေတ်မီဘဏ်လုပ်ငန်းများရဲ့ ကဏ္ဍများစွာကို ဦးဆောင်ခဲ့ပါတယ်။ (ဥပမာ – ပုံနှိပ် ‘ချက်’လက်မှတ်များအသုံးပြုပုံကို မိတ်ဆက်ပေးခြင်း)

အင်္ဂလန်၏ သက်တမ်းအရှည်ဆုံးဘဏ်၊ ဂုဏ်သိက္ခာအရှိဆုံးဘဏ်အဖြစ် ရပ်တည်နေပြီး လက်ရှိအင်္ဂလန်ဘုရင် ချားလ်စ်၏ကြင်ရာတော် ကမ်မီလာတို့လို နာမည်ကြီးဖောက်သည်များရဲ့ ယုံကြည်စိတ်ချရဆုံးဘဏ်လည်း ဖြစ်ပါတယ်။

 

၃) Sveriges Riksbank

စတင်တည်ထောင်သည့်နှစ်  – (၁၆၆၈) ခုနှစ်

နေရာ    —  စတော့ဟုမ်း၊ ဆွီဒင်

Riksbanken လို့လည်းခေါ်တဲ့ ဒီဘဏ်ကို ဆွီဒင်နိုင်ငံဗဟိုဘဏ်က ပိုင်ဆိုင်ပါတယ်။ ရှေးအကျဆုံး နိုင်ငံတော်ပိုင်ဗဟိုဘဏ်လုပ်ငန်းအဖြစ် ရပ်တည်နေပါတယ်။ (၁၆၆၈) ခုနှစ်မှာ ဆွီဒင်တော်ဝင်ဘုရင်ပြီးရင် အာဏာအရှိဆုံးလိုဆိုလို့ရတဲ့ Riksdag of Estates အဖွဲ့အစည်းက စတင်ခဲ့တာဖြစ်ပြီး ဘုရင်မင်းမြတ်က ဘဏ်လုပ်ငန်းကို ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးရန် ရည်ရွယ်ပြီး တည်ထောင်ခဲ့တာပါ။ ဘုရင်တည်ထောင်ပြီး ပါဝင်ပတ်သက်ခဲ့တဲ့ Stockholms Banco ကတော့ အထိမ်းအကွပ်မရှိပဲ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေခဲ့လို့ ဘဏ်လုပ်ငန်းမှာ ကျရှုံးခဲ့ရပါတယ်။ (၁၈၆၆) မှာတော့ ဆွီဒင်အမျိုးသားလွတ်တော်အသစ်ကို တည်ထောင်နိုင်ခဲ့တာနဲ့အတူ လက်ရှိ Sveriges Riksbank ဆိုတဲ့အမည်ကိုလည်း တရားဝင်တပ်ခွင့်ရခဲ့ပါတယ်။

(၂၀၀၀) ခုနှစ်များအစောပိုင်း ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းအပြီးမှာတော့ Sveriges Riksbank ဘဏ်သည် ဆွီဒင်ရှိ ၎င်း၏ဘဏ်ခွဲများအားလုံးကို ပိတ်ပစ်ခဲ့သည်။

 

၂) Berenberg Bank,

စတင်တည်ထောင်သည့်နှစ်  – (၁၅၉၀) ခုနှစ်

နေရာ    —  ဟမ်းဘတ် ၊ ဂျာမဏီ

ဘဏ်ခွဲပေါင်း – ပြည်တွင်းပြည်ပ ဘဏ်ခွဲပေါင်း (၁၃)

ကမ္ဘာ့ ရှေးအကျဆုံး ကုန်သည်မျိုးနွယ်ဖြစ်တဲ့ Joh. Berenberg, Gossler & Co. KG တို့ရဲ့ မိသားစုပိုင်အထည်အလိပ်လုပ်ငန်းအတွက် အသုံးပြုဖို့ (၁၅၉၀) မှာ စတင် တည်ထောင်ခဲ့တာပါ။ မူရင်းတည်ထောင်သူတွေရဲ့ မျိုးရိုးစဉ်ဆက်ကပဲ လက်ဆင့်ကမ်းအုပ်ချုပ်ခဲ့ပြီး နာမည်၊ လိုဂို ကအစ လုံးဝမပြောင်းလဲခဲ့ပါဘူး။ 

အဝတ်အစားထုတ်လုပ်တဲ့ကုန်သည်တွေဘဝက လာခဲ့တဲ့အတွက် ဘဏ်လိုဂိုမှာ မိသားစုကြီး(၂)ခုရဲ့ မျိုးနွယ်အမှတ်တံဆိပ်တွေဖြစ်တဲ့ Berenberg (ဝက်ဝံ) နဲ့ Gossler (ငန်းခြေထောက်) တို့ကို ကုတ်အင်္ကျီတစ်ထည်နဲ့ ပုံဖော်ထားပါတယ်။

 

၁) Banca Monte dei Paschi di Siena

စတင်တည်ထောင်သည့်နှစ်  – (၁၄၇၂) ခုနှစ်

နေရာ    —  Siena ၊ အီတလီ

ဘဏ်ခွဲပေါင်း – ပြည်တွင်းပြည်ပ ဘဏ်ခွဲပေါင်း (၂,၀၇၃)

BMPS လို့ အတိုကောက် အခေါ်အဝေါ်နဲ့ လူသိများတဲ့ ဒီဘဏ့်ဟာ ယနေ့ထက်တိုင် ဝန်ဆောင်မှု့ပေးနေတဲ့ ရှေးအကျဆုံးဘဏ်ပဲ ဖြစ်ပါတယ်။ အီတလီနိုင်ငံလို့တောင် ဖြစ်မလာသေးတဲ့အချိန် (၁၄၇၂) ခုနှစ်မှာ Siena Republic မြို့ပြအုပ်ချုပ်ရေးအဖွဲ့က တည်ထောင်ခဲ့တဲ့ ဘဏ်ပဲဖြစ်ပါတယ်။ (၁၇) နဲ့ (၁၈) ရာစုလောက်ရောက်မှ အီတလီနိုင်ငံရယ်လို့ဖြစ်လာတဲ့အချိန်မှာတော့ BMPS ဟာ နိုင်ငံပိုင်နယ်နမိတ်အနှံ့ကို စီပွားချဲ့ထွင်ခဲ့ပါတယ်။ နိုင်ငံ့သမိုင်းမှာ အီတလီနိုင်ငံသားတိုင်းကို အပေါင်ခံချေးငွေ ထုတ်ပေးတဲ့ ပထမဦးဆုံးသောဘဏ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ဒေဝါလီခံရတော့မယ့် ဒီဘဏ်ကို အပိတ်မခံရအောင် အီတလီအစိုးရက အာမခံပေးခဲ့ပါတယ်။ ယနေ့မှာတော့ အီတလီရဲ့ စတုတ္ထအကြီးဆုံး ကုန်သွယ်မှုဆိုင်ရာဘဏ်အဖြစ် ပြန်လည်ရပ်တည်နေပါပြီ။

 

အခုလိုငွေကြေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို TrueMoney ဝက်ဆိုဒ်မှာ မကြာခဏတင်ဆက်ပေးသွားမှာဖြစ်လို့ လာရောက်ဖတ်ရှု့ဖို့ကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။

 

(ကိုးကား – Oldest.org)

Other Articles

Articles
Articles
Articles